Myanmar Transparency News

မလေးရှားတွင် တွေ့ရှိရသည့် တစ်ဝက်တစ်ပျက် မြေမြှုပ်ထားသောအလောင်းမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြု

သက်တံ့

၂၇. ၁၁. ၂၀၂၆

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ နီဘွန် တီဘယ်လ် (NIBONG TEBAL)၊ ကမ်ပွန်ဘာရူး (Kampung Baru) ရပ်ကွက်၊ ဘိုင်ရမ်လမ်း (Jalan Byram) ရှိ ဆည်မြောင်းတူးမြောင်းဘောင်ပေါ်တွင် ပြီးခဲ့သည့် တနင်္လာနေ့က ခန္ဓာကိုယ် တစ်ဝက်တစ်ပျက် မြေမြှုပ်ခံထားရသည့် အခြေအနေဖြင့် တွေ့ရှိခဲ့ရသော အမျိုးသားရုပ်အလောင်းမှာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု The Sun သတင်းဌာနက ဖော်ပြသည်။

အသက် ၂၀ ကျော်အရွယ်ရှိ သေဆုံးသူမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်း ၎င်း၏ ညီဖြစ်သူက လာရောက်အတည်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု ဆီဘီရန် ပီရိုင်း ဆယ်လာတန် (Seberang Perai Selatan) ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး ဂျေး ဂျန်နူအာရီ ဆီအိုဝူး (Supt Jay January Siowou) က ပြောကြားခဲ့သည်။

ညီဖြစ်သူ၏ ပြောကြားချက်အရ သေဆုံးသူသည် မြို့တော် (ကွာလာလမ်ပူ) တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး တရားဝင် ခရီးသွားလာခွင့် အထောက်အထားများနှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ် ကိုင်ဆောင်ထားသူဖြစ်ကြောင်း၊ ပီနန်ပြည်နယ်သို့ လူတစ်ဦးနှင့် တွေ့ဆုံရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးကြီး ဂျေးက ဆိုသည်။

ဦးခေါင်းတွင် ဒဏ်ရာများ ရရှိထားသည့် အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို တနင်္လာနေ့ ည ၁၁ နာရီခန့်တွင် ဒေသခံပြည်သူများက တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့နှင့် မှုခင်းဆေးပညာအဖွဲ့တို့၏ ကနဦးစစ်ဆေးချက်များအရ ရုပ်အလောင်းတွေ့ရှိရာ နေရာအနီးတစ်ဝိုက်တွင် သွေးကွက်များကိုလည်း တွေ့ရှိခဲ့ရသည်။ သေဆုံးရသည့် အကြောင်းရင်းမှာ ဦးခေါင်းကို တုံးသောအရာဝတ္ထုဖြင့် ပြင်းထန်စွာ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် သံသယရှိသူကို ခြေရာခံဖမ်းဆီးနိုင်ရန် ဆက်လက်ကြိုးပမ်းနေပြီး ယင်းအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲမှူးကြီး ဂျေးက ပြောကြားခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းအချက်အလက် တစ်စုံတစ်ရာ သိရှိထားသူ မည်သူမဆို အမှုစစ်အရာရှိ ASP မိုဟာမက် ရီဇယ်လ် အဗ္ဗဒူလ် ရာရှစ် (ASP Mohd Rizal Abd Rashid) ၏ ဖုန်းနံပါတ် 019-8282212 သို့မဟုတ် အနီးဆုံး ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားပေးကြရန် ၎င်းက တိုက်တွန်းထားသည်။

Ref: The Sun

မူရင်းသတင်း — Myanmar Transparency News