MyTech Myanmar

ဦးနှောက်ဆီ ဆေးဝါးတွေ ပို့ဆောင်ပေးနိုင်မယ့် အလွန်သေးငယ်တဲ့ စက်ရုပ်လေးတွေကို Caltech သိပ္ပံပညာရှင်တွေ တီထွင်

ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ် (Caltech) က သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ရဲ့ အကာအကွယ်အလွှာကို ဖြတ်ကျော်ပြီး ဆေးဝါးတွေ ပို့ဆောင်ပေးနိုင်မယ့် အလွန်သေးငယ်တဲ့ စက်ရုပ်လေးတွေကို တီထွင်လိုက်ပါတယ်။ BrainBots လို့ အမည်ပေးထားတဲ့ အဲဒီစက်ရုပ်လေးတွေဟာ အကျယ် ၂၅၀ နာနိုမီတာခန့်သာ ရှိပြီး လူ့ဆံပင်ထက် အဆပေါင်းရာချီ သေးငယ်ပါတယ်။ အဲဒီစက်ရုပ်လေးတွေကို သွေးကြောထဲ ထိုးသွင်းပြီး အနီအောက်ရောင်ခြည် (near-infrared light) နဲ့ နှိုးဆွပေးလိုက်တဲ့အခါ ဦးနှောက်ဆီ ရွေ့လျားသွားပြီး သွေး-ဦးနှောက် အတားအဆီး (blood-brain barrier) ကို ဖြတ်ကျော်ကာ ဆေးဝါးတွေ သယ်ဆောင်ပေးနိုင်ပါတယ်။

 

စမ်းသပ်မှုတွေအရ အလင်းနဲ့ နှိုးဆွထားတဲ့ BrainBots တွေဟာ မနှိုးဆွထားတဲ့ စက်ရုပ်တွေထက် ဦးနှောက်ဆီ ဆေးဝါး ၅ ဆလောက် ပိုမိုပို့ဆောင်ပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် သုတေသီတွေဟာ ပြင်းထန်တဲ့ ဦးနှောက်ကင်ဆာတစ်မျိုးဖြစ်တဲ့ glioblastoma ရောဂါရှိတဲ့ ကြွက်တွေမှာလည်း အဲဒီစက်ရုပ်လေးတွေကို စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အဲဒီကုသမှုကြောင့် အကျိတ်ကြီးထွားမှု နှေးကွေးသွားပြီး ကြွက်တွေ အသက်ပိုရှည်လာတာကို တွေ့ရပါတယ်။

 

နိုဝင်ဘာ ၂၅ ရက်နေ့က Science Robotics ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီနည်းပညာဟာ လက်ရှိမှာ စမ်းသပ်ဆဲအဆင့်သာ ရှိသေးပြီး လူသားတွေမှာ စမ်းသပ်ခြင်း မပြုရသေးပါဘူး။ ဒါကြောင့် လူနာတွေကို ကုသရာမှာ အမှန်တကယ် အသုံးပြုနိုင်ဖို့အတွက် နောက်ထပ် သုတေသနတွေ ထပ်မံလုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

 

Ref : Technology Innovation

မူရင်းသတင်း — MyTech Myanmar