NP News

အီဂျစ်မှာ ရေနံဆီတင်ယာဉ်တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွား လူ (၃၁) ဦးထက်မနည်း သေဆုံး

ရောင်နီ (NP News) - နိုဝင်ဘာ ၂၈

အီဂျစ်နိုင်ငံမှာ ရေနံပစ္စည်းတွေ တင်ဆောင်လာတဲ့ယာဉ်တစ်စီး လမ်းပေါ်မှာတိမ်းမှောက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် လူ (၃၁) ဦး သေဆုံးကာ (၂၁) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ (၂၅) ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါမတော်တဆမှုဟာ အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုမြို့ရှိ အဓိကပတ်လမ်းမကြီးပေါ်မှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလမ်းမကြီးဟာ ကိုင်ရို၊ ဂီဇာနဲ့ ကာလျူဘီယာပြည်နယ်တွေကို ဆက်သွယ်ထားတဲ့ အဓိက အဝေးပြေးလမ်းမကြီးတွေကို ချိတ်ဆက်ပေးထားတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ မီးလောင်မှုဟာ ဂီဇာပြည်နယ် အယ်လ်ဝါရက်ခ် ခရိုင်အတွင်းရှိ ဥမင်လှိုဏ်ခေါင်းတစ်ခု အပေါ်ဘက် လမ်းပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ ယာဉ်ဟာ လမ်းလယ်အတားအဆီးကို ဝင်တိုက်ပြီး တိမ်းမှောက်သွားရာ ကနေ ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
နောက်ပိုင်းမှာတော့ မီးသတ်တပ်ဖွဲ့တွေက မီးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အီဂျစ်အစိုးရရှေ့နေချုပ်ရုံး ကလည်း မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သေဆုံးသူတွေရဲ့အထောက်အထားကို အတည်ပြုနိုင်ဖို့ DNA နမူနာတွေ ရယူစစ်ဆေးဖို့လည်း ညွှန်ကြား ထားပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ ကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေ အပါအဝင် ယာဉ်အစီးရေ (၂၇) စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ကနဦးစစ်ဆေးချက်တွေအရ သိရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လူနာတင်ယာဉ် (၃၉) စီး စေလွှတ်ခဲ့ပြီး ဒဏ်ရာရသူတွေကို အနီးအနားရှိ ဆေးရုံတွေကို ပို့ဆောင်ကုသပေးခဲ့ပါ တယ်။
အီဂျစ်နိုင်ငံမှာ အရှိန်ပြင်းမောင်းနှင်မှု၊ ယာဉ်စည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်းနဲ့ လမ်းအခြေအနေ မကောင်းမွန်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ အီဂျစ်နိုင်ငံရဲ့ စာရင်းအင်းအေဂျင်စီ CAPMAS ရဲ့အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ (၅,၈၂၉) ဦးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က သေဆုံးသူ (၅,၂၆၀) ဦးနဲ့ နှိုင်းယှဉ်ရင် (၁၀ ဒသမ ၈) ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News