Myanmar Transparency News

ကမ္ဘောဒီးယားနိုင်ငံရှိ Online Scams လုပ်ငန်းသို့အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးကို ပို့ဆောင်ခဲ့ပြီး လုပ်ခလစာများ ခေါင်းပုံဖြတ်ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်

၂၈.၁၁.၂၀၂၆
Written by Linn Eain

ကမ္ဘောဒီးယား နိုင်ငံရှိ Online Scams လုပ်ငန်းတွင် လုပ်ကိုင်ရန် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးအား ပို့ဆောင်ခဲ့ပြီး လုပ်ခလစာများ ခေါင်းပုံဖြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် အင်းစိန်ခရိုင်တရားရုံးက နိုဝင်ဘာ ၂၆ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နေ အမျိုးသားတစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်နေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း လေးဦးတို့ကို ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်နေ ထက်ဝေယံမှ လူမှုကွန်ရက် Telegram မှတစ်ဆင့်ဆက်သွယ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ရှိ Online Scams လုပ်ငန်းတွင် လူလိုနေပြီး တစ်လလျှင် အမေရိကန်ဒေါ်လာ ၈၀၀ ရရှိမည်၊ ကွန်ပျူတာ၊ ဖုန်းများအသုံးပြု၍ လုပ်ကိုင်ရမည်ဟု Telegram မှတစ်ဆင့် ပြောဆိုစည်းရုံးပြီး ကမ္ဘောဒီးယားနိုင်ငံ၊ ကမ်ပေါ့မြို့ရှိ တရုတ်နိုင်ငံသား ပိုင်ဆိုင်သည့် အလုပ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို တစ်လခွဲခန့် လုပ်ကိုင်ခဲ့ပြီး လုပ်ခလစာ အမေရိကန်ဒေါ်လာ ၁၂၀၀ ရရှိမည်ဖြစ်သော်လည်း ၇၀၀ စီသာရရှိသဖြင့် မေးမြန်းခဲ့ရာ ၎င်းတို့၏ လစာများအနက်မှ တစ်ဦးလျှင် ဒေါ်လာ ၅၀၀ နှုန်းဖြင့် ထက်ဝေယံမှ ခေါင်းပုံဖြတ်ထုတ်ယူသွားကြောင်း စိစစ်သိရှိခဲ့သည်။

ထို့ကြောင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်းက (ပ)၂၂၅/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၃၆ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး အင်းစိန်ခရိုင်တရားရုံးမှ တရားခံ ထက်ဝေယံကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် နိုဝင်ဘာ ၂၆ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News