Kanbawza Tai News

တာချီလိတ်တွင် ထိုင်းနိုင်ငံသားများအပါအဝင် ကျားဖြန့် ၃၅ ဦး ဖမ်းမိ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းက အွန်လိုင်း လိမ်လည် လောင်းကစားလုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသူ တရားမဝင် ထိုင်းနိုင်ငံသားများ အပါအဝင် စုစုပေါင်း ၃၅ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်၊ နံနက် ၆ နာရီခွဲခန့်က တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ နေအိမ်တစ်ခုအား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာတွင် နေအိမ်အတွင်း ထိုင်းနိုင်ငံသား အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၆ ဦးတို့ကို အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ကိုင်ရာတွင် အသုံးပြုသည့် All in One ကွန်ပျူတာ ၃၂ လုံး၊ System Box ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ပူးပေါင်းအဖွဲ့သည် ရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ရာ အဆိုပါ ပတ်ဝန်းကျင်ရှိ နေအိမ် တစ်လုံးအတွင်းမှ အွန်လိုင်းငွေကြေးလိမ်လည်မှုများ ကျူးလွန်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၉ ဦးတို့ကို All in One ကွန်ပျူတာ ၁၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စိစစ်မေးမြန်းချက်များအရ ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသားများသည် အွန်လိုင်းဂိမ်းတစ်ခုတွင် ကွန်ပျူတာနှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာအလုပ်များ လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာကြပြီး ယခုနေရာသို့ ရောက်ရှိနေထိုင်စဉ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများသည် တာချီလိတ်မြို့တွင် အလုပ်လုပ်ကိုင်ရန် အွန်လိုင်းမှတစ်ဆင့် ရင်းနှီးသူ တစ်ဦးဖြင့် ချိတ်ဆက်မိပြီး နိုဝင်ဘာလ ၂ဝ ရက်မှစတင်၍ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ သိမ်းဆည်း ရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News