၂၈.၁၁.၂၀၂၆
Translated by Htwe Ko Tun
အစ္စရေးနိုင်ငံမှ Hapoel Beer-Sheva အသင်းနှင့် တူရကီနိုင်ငံမှ Besiktas အသင်းတို့ ယှဉ်ပြိုင် ကစားသည့်ဘောလုံးပွဲစဉ်ကို ဂျော်ဂျီယာနိုင်ငံ၊ ဘာတူမီမြို့၌ နိုဝင်ဘာလ ၂၆ ရက် ကျင်းပခဲ့စဉ် အကြမ်းဖက်မှုများကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရပြီး ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ဤဖြစ်ရပ်များနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၇ ရက် တွင် စိစစ်သုံးသပ်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
ပွဲစဉ်အတွင်း ပရိသတ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လူ ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ရဲအရာရှိ သုံးဦးမှာလည်း အမျိုးမျိုးသော ဒဏ်ရာများ ရရှိခဲ့ကြောင်း ဂျော်ဂျီယာရဲတပ်ဖွဲ့က ပြောခဲ့သည်။

ဘောလုံးပွဲကစားနေစဉ် Besiktas အသင်း ပရိသတ်များက “သိမ်းပိုက်မှုကို ဆန့်ကျင်တော်လှန်ကြ၊ ပါလက်စတိုင်းအတွက် လွတ်လပ်ခွင့်ပေး” ဟု ရေးသားထားသည့် ဆိုင်းဘုတ်တစ်ခုကို ဖြန့်ချပြသခဲ့ကြပြီး ပါလက်စတိုင်း အလံများကို ဝှေ့ယမ်းကာ အစ္စရေးဆန့်ကျင်ရေး ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။
ထို့အပြင် ပရိသတ်အချို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အားကစားကွင်းအတွင်းရှိ ထိုင်ခုံများကို ပစ်ပေါက်ခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။
တစ်ဖက်တွင်လည်း Besiktas အသင်းက အာဏာပိုင်များသည် ပရိသတ်များအပေါ် အလွန်အကျွံ အင်အားသုံးခဲ့သည်ဟု စွပ်စွဲခဲ့ပြီး တူရကီဘောလုံးအဖွဲ့ချုပ်ကလည်း အားကစားကွင်း အတွင်းနှင့် အပြင်ဘက်ရှိ Besiktas အသင်း ပရိသတ်များအပေါ် ပြုမူဆက်ဆံပုံများနှင့် လုပ်ရပ်များသည် လက်ခံနိုင်စရာမရှိကြောင်း ပြစ်တင်ရှုတ်ချလိုက်သည်။
မူလက ဤပွဲကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော်လည်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် နိုင်ငံနှစ်ခုကြား တင်းမာမှုများ မြင့်တက်နေသဖြင့် လုံခြုံရေးအကြောင်းပြချက်ဖြင့် ပွဲစဉ်ကို ဂျော်ဂျီယာနိုင်ငံသို့ ပြောင်းရွှေ့ကျင်းပရန် UEFA က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ပရိသတ်များက ပါလက်စတိုင်းများကို ထောက်ခံသည်ဟု ဖော်ပြခဲ့သည့်အတွက် ရဲတပ်ဖွဲ့က ဝင်ရောက်စွက်ဖက်ခဲ့ရခြင်း မဟုတ်ဟု ဂျော်ဂျီယာ အာဏာပိုင်များက အခိုင်အမာ ပြောကြားခဲ့သည်။
ဂျော်ဂျီယာ ပြည်ထဲရေးဝန်ကြီးဌာနကလည်း “ဤသတင်းဖော်ပြချက်များကို ကျွန်ုပ်တို့ လုံးဝ ငြင်းဆိုပါသည်။ အလံများနှင့် ဆိုင်းဘုတ်များကို မပြသမီ အားကစားကွင်းဆီသို့ ချီတက်လာစဉ်ကတည်းက ပရိသတ်များ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ရဲတပ်ဖွဲ့ဝင်များအပေါ် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

Besiktas ကလပ်အသင်း ဝန်ထမ်းတစ်ဦးက AFP သတင်းဌာနသို့ နောက်ဆုံးတွင် ဒိန်းမတ်လူမျိုး ဒိုင်လူကြီးက ပွဲကို ဆက်လက်ကစားစေခဲ့ပြီး ပွဲအပြီးတွင် Besiktas အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
Hapoel အသင်းမှ ကစားသမားများနှင့် လက်ဆွဲနှုတ်ဆက်ရန် Besiktas ကစားသမားများက ငြင်းဆန်ခဲ့ကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနက ဖော်ပြထားသည်။
ဤပဋိပက္ခဖြစ်စဉ်ကြောင့် တူရကီနှင့် ဂျော်ဂျီယာနိုင်ငံတို့အကြား သံတမန်ရေးရာ ပြဿနာတစ်ရပ် ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။ တူရကီအစိုးရ ဝန်ကြီးများက Besiktas အသင်းဘက်မှ ရပ်တည်ထောက်ခံခဲ့ကြကာ တူရကီနိုင်ငံခြားရေးဝန်ကြီးဟာကန် ဖီဒန်သည် ဂျော်ဂျီယာနိုင်ငံခြားရေး ဝန်ကြီး မာကာ ဘော့ရှ်ချိုရစ်ဗီလီနှင့် ဆွေးနွေးပြောဆိုခဲ့ကြောင်း တူရကီသတင်းရင်းမြစ်များက ဖော်ပြသည်။
တစ်ချိန်တည်းမှာပင် တူရကီအားကစားဝန်ကြီး Osman Askin Bak နှင့် ပြည်ထဲရေးဝန်ကြီး Mustafa Ciftci တို့က ဂျော်ဂျီယာရဲတပ်ဖွဲ့အနေဖြင့် အလွန်အကျွံ အင်အားသုံးခဲ့သည်ဟူသော Besiktas အသင်း၏ စွပ်စွဲချက်ကို ထောက်ခံပြောဆိုခဲ့ကြသည်။
Ref: AFP