NP News

လူသိများတဲ့ ကိုရီးယား-ဗြိတိန် Youtuber စုံတွဲ လက်ထပ်ပြီး(၄)နှစ်အကြာမှာ ကွာရှင်း

ရောင်နီ (NP News) - နိုဝင်ဘာ ၂၈

နာမည်ကျော် ကိုရီးယား- ဗြိတိန် Youtuber စုံတွဲဖြစ်တဲ့ ဂျင် နဲ့ ဟက်တီတို့ဟာ လက်ထပ်ပြီး (၄) နှစ်အကြာမှာ လမ်းခွဲကွာရှင်းဖို့ နှစ်ဦးသဘောတူဆုံးဖြတ်လိုက်ကြတယ်လို့ သိရပါတယ်။
ဟိုဂျင်ဝူး နဲ့ ဟက်တီအမ်မလီလို့ အမည်ရတဲ့ သူတို့နှစ်ဦးဟာ နိုဝင်ဘာ (၂၆) ရက်မှာ သူတို့ရဲ့ YouTube Community နဲ့ လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် ကွာရှင်းတော့မယ့်အကြောင်း ကြေညာခဲ့တာပါ။ သူတို့နှစ်ဦးက အချိန်ယူစဉ်းစားပြီး အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အိမ်ထောင်ရေးကို အဆုံးသတ်ကာ သီးခြားစီ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ပြောပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ လွယ်ကူခဲ့တာ မဟုတ်ပေမဲ့ နှစ်ဦးသဘောတူဆုံးဖြတ်ခဲ့တာဖြစ်ပြီး အတူဖြတ်သန်းခဲ့တဲ့အချိန်တွေ၊ အမှတ်တရတွေအတွက်လည်း ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ကွာရှင်းရတဲ့အကြောင်းရင်းအသေးစိတ်ကိုတော့ ကိုယ်ရေးကိုယ်တာအဖြစ် ထားရှိသွားမှာဖြစ်ပြီး တစ်ဦးတစ်ယောက်ကို အပြစ်တင်တာမျိုးမလုပ်ဘဲ သူတို့ရဲ့အနာဂတ်ကို နားလည်ပေးကြဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ ကွာရှင်းပြီးနောက် လူမှုကွန်ရက်စာမျက်နှာတွေကိုလည်း သီးခြားစီ စီမံခန့်ခွဲသွားမှာဖြစ်ကာဂျင်က လက်ရှိ YouTube နဲ့ TikTok အကောင့်တွေကို ဆက်လက်တာဝန်ယူမှာဖြစ်ပြီး ဟက်တီကတော့ သူတို့နှစ်ဦးပိုင် Instagram အကောင့်ကို စီမံခန့်ခွဲသွားမှာဖြစ်သလို သူမရဲ့ကိုယ်ပိုင်ချန်နယ်တွေမှာလည်း အကြောင်းအရာတွေ ဆက်လက်တင်ဆက်သွားမယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦး အတူပါဝင်ထားတဲ့ဗီဒီယိုတွေကိုတော့ နှစ်ဦးသဘောတူညီချက်အတိုင်း စီမံသွားမှာဖြစ်ပြီး အရင်တင်ထားတဲ့ ဗီဒီယိုတချို့ကိုလည်း အများမြင်နိုင်တဲ့အခြေအနေကနေ ပြောင်းလဲထားတာမျိုး ရှိလာနိုင်တယ်လို့ အသိပေးထားပါတယ်။ ဂျင် နဲ့ ဟက်တီတို့ဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ YouTube ချန်နယ်ကို စတင်ခဲ့ကြပြီး နိုင်ငံမတူတဲ့ စုံတွဲတစ်တွဲရဲ့နေ့စဉ်ဘဝနဲ့ ယဉ်ကျေးမှု ကွာခြားချက်တွေကို ရိုက်ကူးတင်ဆက်ရင်း လူသိများလာခဲ့တာပါ။ သူတို့နှစ်ဦးဟာ ၂၀၂၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ SBS ရုပ်သံလိုင်းရဲ့ Same Bed, Different Dreams 2: You Are My Destiny အစီအစဉ်မှာ ပါဝင်ခဲ့ကြသလို Forbes Korea ရဲ့အဲဒီနှစ်အတွက် သြဇာအရှိဆုံး YouTuber (၁၀) ဦးစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာ သူတို့ရဲ့ YouTube ချန်နယ်ဟာ စာရင်းသွင်းသူ (၁၀.၁) သန်းအထိ ရှိလာခဲ့ပြီး YouTube ရဲ့ Diamond Play Button ဆုကိုလည်း ရရှိထားပါတယ်။

မူရင်းသတင်း — NP News