NP News

Pizza Hut ပူးတွဲတည်ထောင်သူ ဒန်ကာနေး အသက် (၉၅) နှစ်အရွယ်မှာ ကွယ်လွန်

ရောင်နီ (NP News) - နိုဝင်ဘာ ၂၈

အမေရိကန်နိုင်ငံကနေ စတင်ခဲ့ပြီး ကမ္ဘာတဝန်း လူသိများတဲ့ Pizza Hut စားသောက်ဆိုင်လုပ်ငန်းကြီးကို ညီဖြစ်သူနဲ့အတူ တည်ထောင်ခဲ့တဲ့ ဒန်ကာနေးဟာ အသက် (၉၅) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒန်ကာနေးဟာ နိုဝင်ဘာ (၁၃) ရက်က အမေရိကန်နိုင်ငံ၊ ကန်ဆက်ပြည်နယ်၊ ဝီချီတာမြို့မှာရှိတဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး နာတာရှည် အဆုတ်လေပြွန်ပိတ်ဆို့တဲ့ရောဂါ (COPD) ကြောင့် သေဆုံးခဲ့တာလို့ သားဖြစ်သူ မိုက်ကယ် ကာနေးက ပြောပါတယ်။ ဒန်ကာနေးဟာ ညီဖြစ်သူ ဖရန့်ကာနေးနဲ့အတူ ၁၉၅၈ ခုနှစ်မှာ Pizza Hut ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဒန်က အသက် ၂၆ နှစ်သာ ရှိသေးပြီး မိသားစုပိုင် ကုန်စုံဆိုင်ကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
Pizza ဆိုင်လုပ်ငန်း စတင်ဖို့အတွက် ညီအစ်ကိုနှစ်ဦးဟာ သူတို့ရဲ့မိခင်ဆီကနေ အမေရိကန်ဒေါ်လာ (၆၀၀) ချေးယူ ခဲ့ကြတာပါ။ ပထမဆုံးဆိုင်ကိုလည်း ကန်ဆက်ပြည်နယ်၊ ဝီချီတာမြို့မှာ အကျယ်အဝန်း စတုရန်းပေ (၅၀၀) ခန့်သာရှိတဲ့အုတ်တိုက်အဆောက်အအုံလေးတစ်ခုမှာ ဖွင့်လှစ်ခဲ့ကြပါတယ်။
အစပိုင်းမှာ ဆိုင်လုပ်ငန်း အောင်မြင်လာခဲ့ပြီး တစ်နှစ်ကျော်အတွင်း ဆိုင်ခွဲ ၅ ဆိုင်အထိ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် Franchise စနစ်နဲ့ လုပ်ငန်းချဲ့ထွင်ခဲ့ရာကနေ အမေရိကန်နိုင်ငံတစ်ဝန်းအပြင် နိုင်ငံတကာဈေးကွက် တွေအထိ တိုးချဲ့နိုင်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာတော့ Pizza Hut ဟာ ကမ္ဘာ့အကြီးဆုံး Pizza စားသောက်ဆိုင် လုပ်ငန်းကြီးဖြစ်လာခဲ့ပြီး ဆိုင်ခွဲပေါင်း (၁,၀၀၀) ကျော်အထိ ရှိလာခဲ့ပါတယ်။ ဆိုင်ရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ အနီရောင် ဦးထုပ်ဒီဇိုင်းကိုလည်း ဒန် ကာနေးက ဖန်တီးရာမှာ အဓိကပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ ညီအစ်ကိုနှစ်ဦးဟာ Pizza Hut လုပ်ငန်းကို PepsiCo ကုမ္ပဏီ ဆီ အမေရိကန်ဒေါ်လာသန်း (၃၀၀) နဲ့ ရောင်းချခဲ့ပါ တယ်။ အဲဒီနောက် ဒန် ကာနေးဟာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအပြင် ပရဟိတလုပ်ငန်းတွေမှာလည်း ဆက်လက် ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းအောင်မြင်မှုအပြင် လူမှုအကျိုးပြုလုပ်ငန်းတွေမှာလည်း ထင်ရှားသူ တစ်ဦးဖြစ်တဲ့ ဒန်ကာနေးဟာ ကန်းဆက် ပြည်နယ် Cerebral Palsy Research Foundation ရဲ့ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း (၅၀) ကျော် တာဝန်ယူခဲ့သလို ဒေသတွင်း စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးအဖွဲ့အစည်းပေါင်း (၃၅) ခုကျော်မှာလည်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင် Wichita State University ကိုလည်း နှစ်ပေါင်းများစွာ ပံ့ပိုးကူညီခဲ့သူဖြစ်ပြီး အသက် ၇၂ နှစ်အရွယ်မှာ အဲဒီတက္ကသိုလ်ကနေ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) ကို ပြန်လည်ရယူခဲ့ပါသေးတယ်။ ဒန်ကာနေးရဲ့ညီဖြစ်သူ ဖရန့် ကာနေးကတော့ ၂၀၂၀ ပြည့်နှစ်မှာ အသက် ၈၂ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News