
#World_Health
Published 28 November 2026
■ အသားအရေ တင်းရင်းနုပျိုမှုနဲ့ ကျန်းမာလှပမှုအတွက် အရေးပါတဲ့ Collagen ကို ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်လုပ်ပေးပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကြီးလာတာနဲ့အမျှ Collagen ထုတ်လုပ်မှုဟာ တဖြည်းဖြည်း လျော့နည်းလာပြီး အရေးအကြောင်းတွေ ပေါ်လာတာ၊ အသားအရေ ပါးလွှာလာတာနဲ့ တင်းရင်းမှုလျော့နည်းလာတာတွေဖြစ်ပေါ်နိုင်ပါတယ်။
■ ဒါကြောင့် Collagen ဖြည့်စွက်စာတွေ သောက်သုံးတာအပြင် နေ့စဉ်စားသုံးတဲ့ အစားအစာတွေကနေတစ်ဆင့် Collagen ထုတ်လုပ်မှုကို အထောက်အကူပြုနိုင်ပါတယ်။
■ အာဟာရပညာရှင်တွေရဲ့ အကြံပြုချက်တွေအရ Collagen ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာ ၁၃ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
■ Collagen ထုတ်လုပ်မှုကို အထောက်အကူပြုတဲ့ အစားအစာ ၁၃ မျိုး
■ ၁။ အရိုးပြုတ်ရည်
တိရစ္ဆာန်အရိုးတွေနဲ့ တွယ်ဆက်တစ်ရှူးတွေကို ရေထဲမှာ အချိန်ကြာကြာ ပြုတ်ထားတဲ့ အရိုးပြုတ်ရည်မှာ Calcium၊ Magnesium၊ Phosphorus၊ Collagen နဲ့ အမိုင်နိုအက်ဆစ်တွေ ပါဝင်ပါတယ်။
■ ဒါပေမဲ့ အရိုးပြုတ်ရည်တိုင်းမှာ Collagen ပါဝင်မှုပမာဏ တူညီတာမဟုတ်သလို မျှော်လင့်ထားသလောက် Collagen များများစားစား ပါဝင်တာလည်း မဟုတ်ပါဘူး။
■ ၂။ ကြက်သား
ကြက်သားဟာ Collagen ရရှိနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ကြက်သားရဲ့ တွယ်ဆက်တစ်ရှူးတွေမှာ Collagen ပါဝင်ပါတယ်။
■ ကြက်သားအစိတ်အပိုင်းအလိုက် Collagen ပါဝင်မှုပမာဏ ကွာခြားပြီး ရင်ပုံသားထက် ပေါင်သားမှာ Collagen ပိုမိုပါဝင်ပါတယ်။
■ ၃။ ငါး
ငါးတွေရဲ့ အရိုးနဲ့ အရွတ်တွေမှာ Collagen ပါဝင်ပါတယ်။ အထူးသဖြင့် Marine Collagen လို့ခေါ်တဲ့ ပင်လယ်ငါးမှရရှိတဲ့ Collagen ဟာ ခန္ဓာကိုယ်က စုပ်ယူအသုံးပြုနိုင်မှု ပိုကောင်းနိုင်ပြီး အသားအရေကျန်းမာရေးနဲ့ ပျော့ပျောင်းတင်းရင်းမှုအတွက် အကျိုးရှိနိုင်တယ်လို့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။
■ ၄။ ကြက်ဥအကာ
ကြက်ဥအကာဟာ ပရိုတင်းဓာတ်ရရှိစေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ Collagen ထုတ်လုပ်ဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေရရှိစေဖို့လည်း အထောက်အကူပြုနိုင်ပါတယ်။
■ ၅။ လိမ္မော်မျိုးနွယ်ဝင် သစ်သီးများ
လိမ္မော်သီး၊ ကျွဲကောသီး၊ သံပရာသီးနဲ့ ရှောက်သီးတွေမှာ Vitamin C ကြွယ်ဝစွာ ပါဝင်ပါတယ်။
Vitamin C ဟာ Collagen မဖြစ်ပေါ်ခင် အဆင့်ဖြစ်တဲ့ Pro-collagen ထုတ်လုပ်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တာကြောင့် Collagen ဖွဲ့စည်းမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
■ ၆။ ဘယ်ရီသီးများ
စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလူးဘယ်ရီနဲ့ ဘလက်ဘယ်ရီတို့မှာ Vitamin C ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် Collagen ထုတ်လုပ်မှုကို အထောက်အကူပြုနိုင်တဲ့ သစ်သီးတွေ ဖြစ်ပါတယ်။
၇။ အပူပိုင်းဒေသထွက် သစ်သီးများ
နာနတ်သီးအပါအဝင် အပူပိုင်းဒေသထွက် သစ်သီးတွေဟာ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ရရှိစေတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ မျှတတဲ့ အစားအသောက်ပုံစံထဲမှာ ထည့်သွင်းစားသုံးနိုင်ပါတယ်။
■ ၈။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ Sulfur လို့ခေါ်တဲ့ ဆာလဖာဓာတ် ပါဝင်ပါတယ်။ ဒီဓာတ်ဟာ Collagen ဖွဲ့စည်းထုတ်လုပ်မှုကို အထောက်အကူပြုသလို Collagen ပျက်စီးမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။
■ ဒါပေမဲ့ အကျိုးကျေးဇူးရရှိဖို့ စားသုံးရမယ့် ပမာဏနဲ့ ပတ်သက်ပြီး သုတေသနအထောက်အထားတွေက အကန့်အသတ်ရှိနေပါသေးတယ်။
■ ၉။ အစိမ်းရောင်အရွက်များ
ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ Swiss Chard နဲ့ အခြားအစိမ်းရောင်အရွက်တွေမှာ Chlorophyll လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ပါတယ်။
■ လေ့လာမှုအချို့အရ Chlorophyll စားသုံးခြင်းဟာ အသားအရေမှာ Collagen ဖြစ်ပေါ်ဖို့ လိုအပ်တဲ့ ရှေ့ပြေးဓာတ်ပစ္စည်းတွေ တိုးလာစေနိုင်တယ်လို့ သိရပါတယ်။
■ ၁၀။ ပဲအမျိုးမျိုး
ပဲအမျိုးမျိုးဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ပြီး Collagen ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ Lysine အမိုင်နိုအက်ဆစ် ပါဝင်ပါတယ်။
■ ဒါ့အပြင် ပဲအမျိုးအစားများစွာမှာ Collagen ထုတ်လုပ်မှုအတွက် အရေးပါတဲ့ Copper ဓာတ်လည်းပါဝင်ပါတယ်။
■ ၁၁။ သီဟိုဠ်စေ့
သီဟိုဠ်စေ့မှာ Zinc နဲ့ Copper ဓာတ်တွေ ပါဝင်ပါတယ်။ အဲဒီသတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်အတွင်း Collagen ထုတ်လုပ်မှုကို အထောက်အကူပြုနိုင်ပါတယ်။
■ ၁၂။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးဟာ Vitamin C ရရှိစေတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Lycopene လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။
■ ၁၃။ ငရုတ်ပွ
ငရုတ်ပွမှာ Vitamin C ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် Collagen ထုတ်လုပ်မှုကို အထောက်အကူပြုနိုင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။
■ သကြားနဲ့ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို သတိပြုပါ
Collagen ထုတ်လုပ်မှုကို အထောက်အကူပြုဖို့အတွက် ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေကို မျှတစွာစားသုံးသင့်ပါတယ်။
■ တစ်ဖက်မှာလည်း သကြားနဲ့ သန့်စင်ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေဖြစ်တဲ့ ပေါင်မုန့်ဖြူ၊ မုန့်အချိုတွေကို အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
■ ဒီအစားအစာတွေဟာ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပြီး Collagen ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
■ Collagen စားသုံးခြင်းက အသားအရေအတွက် တကယ်အကျိုးရှိသလား
Collagen ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းက အသားအရေ၊ ဆံပင်နဲ့ လက်သည်းကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တယ်လို့ ယူဆကြပါတယ်။
■ ဒါပေမဲ့ အစားအစာတွေက ရရှိတဲ့ Collagen ဟာ အစာအိမ်ထဲမှာ အစာခြေဖျက်မှုဖြစ်စဉ်ကြောင့် အမိုင်နိုအက်ဆစ်တွေအဖြစ် ပြိုကွဲသွားနိုင်တာကြောင့် အသားအရေဆီ တိုက်ရိုက်ရောက်ရှိပြီး အကျိုးသက်ရောက်မှုရှိမရှိဆိုတာကိုတော့ သုတေသနတွေက အတည်ပြုဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။
■ Collagen ဟာ အသားအရေရဲ့ တင်းရင်းမှု၊ ပျော့ပျောင်းမှုနဲ့ ဖွဲ့စည်းတည်ဆောက်ပုံအတွက် အရေးပါတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ Collagen ထုတ်လုပ်မှု လျော့နည်းလာနိုင်တာကြောင့် နေ့စဉ်စားသောက်မှုပုံစံကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
■ ကြက်သား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုးနဲ့ Vitamin C ကြွယ်ဝတဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေကို မျှတစွာ စားသုံးပေးခြင်းဟာ ခန္ဓာကိုယ်ရဲ့ Collagen ထုတ်လုပ်မှုကို အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
■ အဓိကအားဖြင့် Collagen ဖြည့်စွက်စာတွေကိုသာ အားကိုးနေမယ့်အစား အာဟာရစုံလင်ပြီး မျှတတဲ့ နေ့စဉ်စားသောက်မှုပုံစံကို ဦးစားပေးသင့်ပါတယ်။
Source-Healthline