Myanmar Transparency News

တစ်ညတည်းမှာပင် ယူကရိန်းဒရုန်း ၁,၂၀၀ ကျော်ကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားပြောကြား

၂၈.၁၁.၂၀၂၆
Translated by Htwe Ko Tun

ရုရှားနိုင်ငံ၊ မော်စကိုဒေသကို ရည်ရွယ်သည့် ယူကရိန်းမောင်းသူမဲ့လေယာဉ်ဒရုန်းရာနှင့်ချီသည့် ညအချိန် တိုက်ခိုက်မှုအသစ်တစ်ခုတွင် ယူကရိန်းဒရုန်း ၁,၂၀၀ ကျော်ကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားအာဏာပိုင်များက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့ကြသည်။

ယူကရိန်းကလည်း ဒေသအများအပြားတွင် ရုရှားမောင်းသူမဲ့လေယာဉ်များ ရာနှင့်ချီ၍ ပစ်ခတ်ခဲ့ပြီး လူတစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းသတင်းတွင် ဖော်ပြထားသည်။ နှစ်ဖက်စလုံးသည် မကြာသေးမီလများအတွင်း လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြသည်။

နိုဝင်ဘာ ၂၇ ရက် နှောင်းပိုင်းမှ နိုဝင်ဘာ ၂၈ ရက် အစောပိုင်းကြားတွင် မော်စကိုမြို့သို့ ဒရုန်းအစင်းရေ ၄၆၀ ကျော် ဦးတည်ပျံသန်းလာခဲ့ကြောင်း မြို့တော်ဝန်ဆာဂျီဆိုဘီယန်နင်က နိုင်ငံပိုင် မက်စ်ပလက်ဖောင်းပေါ်တွင် ရေးသားခဲ့သည်။ မြို့အနီးအရောက်တွင် ဒရုန်း ၁၂၃ လုံးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောခဲ့သည်။

မော်စကို အပါအဝင် ဒေသတစ်ဒါဇင်ကျော်တွင် ယူကရိန်းတို့၏ အတောင်ပံတပ်ထားသော မောင်းသူမဲ့ လေယာဉ် ၁,၂၄၆ စီးကို လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ် ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားမြို့တော် မော်စကိုသည် ယူကရိန်းနယ်စပ်၏ အနီးဆုံးအပိုင်းမှ ကီလိုမီတာ ၅၀၀ ခန့် ကွာဝေးသည်။ ဘိုဂိုဂရက်နှင့် ကရာ့စ်နိုဒါ အပါအဝင် ဝန်ကြီးဌာနမှ ကိုးကားထားသော အခြားဒေသများသည် ယူကရိန်းမှ ကီလိုမီတာရာနှင့်ချီဝေးသည်။

ယူကရိန်းကလည်း ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုအသစ်များပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဇာပိုရစ်ဗီးယားနယ် စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲ အီဗန် ဖီဒိုရော့ဗ်က အဆိုပါဒေသတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ရုရှား မောင်းသူမဲ့ လေယာဉ်ကို ၇၀၀ ကျော် ပစ်ချခဲ့ပြီး လူတစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုဝင်ဘာ ၂၈ ရက်က ပြောကြားခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးနှင့် ဆက်နွှယ်နေသည့် ပစ်မှတ်များကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

စစ်ပွဲက ငါးနှစ်နီးပါးကြာလာသည်နှင့်အမျှ တိုက်ခိုက်မှုများက ပိုမိုအားကောင်းလာသည်။ ရန်လိုမှုများ အဆုံးသတ်ရေး ပြေလည်အောင် ဖြေရှင်းရန် အမေရိကန် ကြိုးပမ်းမှုများသည် အကျဉ်းသား လဲလှယ်ခြင်းမှလွဲ၍ မည်သည့် သဘောတူညီချက်မှ မအောင်မြင်ခဲ့ပေ။

Ref: AFP

မူရင်းသတင်း — Myanmar Transparency News