
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၈
လာမည့် ၂၀၂၇ ခုနှစ်တွင် ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန် စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ယနေ့ (နိုဝင်ဘာ ၂၈ ရက်) နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိင်းမြို့၌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ကမ္ဘောဒီယားအနေဖြင့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆွေးနွေးပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများကို ရင်ဆိုင်ခဲ့ရသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ရေးတို့ကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများနှင့်တွေ့ဆုံဆွေးနွေး၍ သဘောတူညီချက်များ ရရှိခဲ့မှု၊ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးအပ်ခဲ့မှုနှင့် ၂၀၂၇ ခုနှစ်တွင် ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးဖော်ဆောင်နိုင်ရေး မျှော်လင့်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံနှင့်ဆက်လက်ထိတွေ့ဆက်ဆံသွားစေလိုကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးသည် ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးတိုသို တက်ရောက်ရန် ယမန်နေ့(နိုဝင်ဘာ ၂၇ ရက်) ညနေပိုင်းတွင် ဟနွိင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိရာ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ငုယင်ထိဟွန်ဗန်က ကြိုဆိုခဲ့ကြောင်း သိရသည်။
