NP News

မြန်မာအပေါ် ချမှတ်သည့် ICJ ၏ စီရင်ချက်တွင် သမိုင်းအမှားများနှင့် နိုင်ငံရေးဘက်လိုက်မှုများ ပါဝင်နေဟု ဗြိတိန်သံအမတ်ကြီး (ငြိမ်း) ဒဲရက် တွန်ကင် ဝေဖန်ထောက်ပြ

ALynn (NP News) - နိုဝင်ဘာ ၂၈

နိုဝင်ဘာလ (၁၉) ရက်က မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်တွင် သမိုင်းအချက်အလက် လွဲမှားမှုများနှင့် နိုင်ငံရေးဘက်လိုက်မှုများ ပါဝင်နေကြောင်း ဗြိတိန်သံအမတ်ကြီး (ငြိမ်း) ဒဲရက် တွန်ကင်က နိုဝင်ဘာလ (၂၁) ရက်တွင် ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားဝေဖန်လိုက်သည်။
မူလက စီရင်ချက်ကို ထောက်ခံမဲ (၉) မဲပေးသူများ၏ အမြင်က မှန်ကန်ပြီး ကန့်ကွက်မဲ (၆) မဲပေးသူများ၏ အမြင်က မှားယွင်းသည်ဟု ယာယီယူဆခဲ့ဖူးသော်လည်း စီရင်ချက်မူရင်းစာသားများကို လေ့လာပြီးနောက် ထိုမျှမသေချာတော့ကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် ယခုအခါ ဘက်တစ်ဖက်တည်းကို ပြတ်ပြတ်သားသား မထောက်ခံတော့ဘဲ စကော့တလန်ဥပဒေတွင် (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်အထိ သုံးစွဲခဲ့သည့် “Not Proven” (အပြစ်ရှိ၊ မရှိ အပြည့်အဝ သက်သေမပြနိုင်သော စီရင်ချက်) သဘောတရားကိုသာ ပိုမိုနီးစပ်ကြောင်း ၎င်းက ဖော်ပြထားသည်။
ယင်းသို့ အမြင်ပြောင်းလဲရခြင်းမှာ စီရင်ချက်ပါ “မြန်မာနိုင်ငံရှိ ဘင်္ဂါလီများ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြထား) အပေါ် သမိုင်းတစ်လျှောက် ဆက်ဆံခဲ့ပုံ” အခန်းကဏ္ဍ၊ အထူးသဖြင့် နိုင်ငံသားဖြစ်မှုနှင့်ဆိုင်သည့် အပိုဒ် (၁၃၄) မှ (၁၄၂) အထိတွင် ဘက်လိုက်မှုများနှင့် နိုင်ငံရေးသဘောထား လွှမ်းမိုးမှုများကို တွေ့ရှိရသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အပိုဒ် (၁၃၄) တွင် ဖော်ပြထားသကဲ့သို့ ရိုဟင်ဂျာ မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့သည်ဆိုခြင်းမှာ မှန်ကန်မှုမရှိဘဲ မျိုးဆက် နှစ်ဆက် သို့မဟုတ် သုံးဆက်သာ ရှိနိုင်ကြောင်းနှင့် “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းမှာ (၁၉၆၀) ပြည့်နှစ်ဝန်းကျင်မှသာ စတင်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
ယင်းမတိုင်မီက ယခင်အခြေချသူများသည် ၎င်းတို့ကိုယ်ကို Rooinga (၁၇၉၉)၊ Rwangya (၁၉၄၅ နောက်ပိုင်း)၊ ကမန်၊ မြေဒူး သို့မဟုတ် မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်တို့ အိမ်ထောင်ပြုရာမှ ဆင်းသက်သူများကို Zerbaidi ဟု ခေါ်ဝေါ်ခဲ့ကြပြီး ယနေ့ခေတ် လူဦးရေ၏ (၈၀) ရာခိုင်နှုန်းခန့်မှာ ဗြိတိသျှကိုလိုနီခေတ် (၁၈၇၀) ပြည့်နှစ်နောက်ပိုင်းတွင် စစ်တကောင်းနှင့် ဘင်္ဂလားဒေသမှ ပြောင်းရွှေ့ဝင်ရောက်လာသူများ၏ မျိုးဆက်များဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။
အပိုဒ် (၁၃၅) နှင့်ပတ်သက်၍ ဗြိတိသျှကိုလိုနီခေတ်အတွင်း ဘင်္ဂလားဒေ့ရှ်ဒေသမှ မွတ်စလင် “အများအပြား” ဝင်ရောက်ခဲ့သည်ဟု ယေဘုယျသုံးနှုန်းခြင်းထက် (၁၉၂၁) နှင့် (၁၉၃၁) သန်းခေါင်စာရင်းများနှင့် (၁၉၄၁) ခုနှစ်ထုတ် Baxter အစီရင်ခံစာ အခန်း (၇) တို့တွင် ကိန်းဂဏန်းအတိအကျ ရှိကြောင်း ၎င်းက ဆိုသည်။
Baxter ၏ ဖော်ပြချက်အရ (၁၉၃၁) သန်းခေါင်စာရင်းတွင် ရွှေ့ပြောင်းစစ်တကောင်းသားများနှင့် ၎င်းတို့၏ မျိုးဆက် (၁၈၆,၃၂၇) ဦး၊ အခြားရွှေ့ပြောင်းဘင်္ဂါလီများနှင့် ၎င်းတို့၏ မျိုးဆက် (၁၅,၅၈၅) ဦး၊ စုစုပေါင်း (၂၀၁,၉၁၂) ဦး ရှိခဲ့သည်။ (၁၉၃၁) သန်းခေါင်စာရင်းအရ ဒေသခံမွတ်စလင်များနှင့် ၎င်းတို့၏ မျိုးဆက်များမှာ (၁၉၂၁) ခုနှစ်တွင် (၂၅,၉၅၅) ဦးရှိခဲ့ရာမှ (၁၉၃၁) ခုနှစ်တွင် (၅၆,၉၆၃) ဦးအထိ တိုးလာခဲ့ပြီး ယင်းတို့တွင် ရခိုင်မွတ်စလင် (၅၁,၆၁၂) ဦး၊ ကမန် (၂,၆၇၀) ဦး၊ မြေဒူး (၂,၆၈၁) ဦး တို့ ပါဝင်ကြောင်း ၎င်းက အတိအကျ ဖော်ပြထားသည်။
“ဆိုလိုတာကတော့ (၁၉၃၁) ခုနှစ် ရခိုင်ဒေသ သန်းခေါင်စာရင်းမှာ စာရင်းသွင်းထားတဲ့ မွတ်စလင်ဦးရေ စုစုပေါင်း (၂၅၈,၈၇၅) ဦးထဲက (၇၇ ဒသမ ၉၉) ရာခိုင်နှုန်းဟာ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးကာလ နောက်ပိုင်းအချိန်တွေမှာ ဘင်္ဂလားဒေသကနေ ရောက်ရှိလာခဲ့ကြသူတွေ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အပိုဒ် (၁၃၆) တွင် (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးနောက် ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ဆက်ဆံခဲ့သည်ဟူသော ဖော်ပြချက်မှာ ခေတ်ကာလနှင့် မကိုက်ညီကြောင်း ၎င်းက ဝေဖန်သည်။
(၁၉၆၀) ပြည့်နှစ်ဝန်းကျင်မတိုင်မီက ယင်းအသုံးအနှုန်းကို မသုံးစွဲခဲ့ဘဲ မွတ်စလင်အယူဝါဒရေးရာ လှုပ်ရှားသူများ ဖန်တီးခဲ့ခြင်းဖြစ်ကာ ICJ ကိုးကားသည့် သီးခြားရင်းမြစ်တစ်ခုတည်းမှာ (၁၉၆၁) ခုနှစ်တွင် မူဂျာဟစ်ဒင်သူပုန်များ လက်နက်ချပွဲ၌ ဗိုလ်မှူးချုပ်အောင်ကြီး ပြောကြားခဲ့သော မိန့်ခွန်းသာဖြစ်ပြီး (၁၉၄၈) မှ (၂၀၂၆) ခုနှစ်အတွင်း မြန်မာ့ဥပဒေ၊ သန်းခေါင်စာရင်းနှင့် တရားဝင်မှတ်တမ်းများတွင် “ရိုဟင်ဂျာ” ဟူသော တိုင်းရင်းသားအမည်ကို ဖော်ပြထားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
စီရင်ချက်၏ အပိုဒ် (၁၃၇) ပါ (၁၉၈၂) ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ပတ်သက်၍လည်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) အနေဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ ဟူသည့် အမျိုးအစားသုံးမျိုးကိုသာ ဖော်ပြခဲ့ပြီး ဥပဒေပါ အရေးကြီးသည့် ပြဋ္ဌာန်းချက်အချို့ကို ချန်လှပ်ထားခဲ့ကြောင်း ဝေဖန်ထောက်ပြခဲ့သည်။ အထူးသဖြင့် တတိယမျိုးဆက် နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ရရှိသူများ၏ အခွင့်အရေးများကို ပြဋ္ဌာန်းထားသည့် ပုဒ်မ (၆) ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ၎င်းက ရေးသားဖော်ပြထားသည်။
အပိုဒ် (၁၄၁) တွင် မြန်မာနိုင်ငံရှိ “ဘင်္ဂါလီများ” ကို တရားမဝင် ဝင်ရောက်လာသူများ သို့မဟုတ် နိုင်ငံခြားသားများအဖြစ်သာ သတ်မှတ်ခဲ့သည်ဟူသော အဆိုမှာ အထောက်အထားမဲ့ မှားယွင်းကြောင်း ၎င်းက ဝေဖန်သည်။ (၂၀၁၂) ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်တွင် သမ္မတဦးသိန်းစိန်က ကိုလိုနီခေတ်အတွင်း ရောက်ရှိလာသူများ၏ တတိယမျိုးဆက်သည် မြန်မာနိုင်ငံသားဖြစ်ခွင့်ရှိကြောင်း ပြောကြားခဲ့ခြင်းမှာ ၎င်းတို့ တရားဝင် ဝင်ရောက်လာခဲ့မှုကို အဓိပ္ပာယ်သက်ရောက်ကြောင်း ၎င်းက ထောက်ပြသည်။
ထို့ကြောင့် ဒဲ့ရစ်ခ် တွန်ကင်က ၎င်းကဲ့သို့ နိုင်ငံတော်အကြီးအကဲတစ်ဦး၏ လူသိရှင်ကြား ပြောကြားချက်သည် အထောက်အထားမပါသော တရားရုံး၏ အဆိုထက် ပိုမိုအလေးထားခံရသင့်ကြောင်းနှင့် အနာဂတ်တွင် ICJ အနေဖြင့် တက်ကြွလှုပ်ရှားသူများ၏ ဘက်လိုက်မှုနှင့် သတင်းအချက်အလက်မှားယွင်းမှုများကို မည်သို့ကာကွယ်မည်နည်းဟု မေးခွန်းထုတ်သင့်ကြောင်းလည်း သတိပေး ရေးသားထားသည်။
ဒဲ့ရစ်ခ် တွန်ကင်သည် ဗြိတိန်နိုင်ငံခြားရေးဌာနတွင် သံတမန်တစ်ဦးအဖြစ် (၃၈) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အပြင် ပိုလန်နှင့် အရှေ့ဂျာမနီနိုင်ငံတို့တွင်လည်း သံတမန်တာဝန်များ ထမ်းဆောင်ခဲ့ကာ (၁၉၉၀) ပြည့်နှစ်တွင် ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူခဲ့သူဖြစ်ပြီး လက်ရှိတွင် အရှေ့တောင်အာရှနှင့် အရှေ့ဥရောပရေးရာများကို အထူးပြုလေ့လာသုံးသပ်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News