
ရန်ကုန် ၊ နိုဝင်ဘာ ၂၈
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ နယ်မြေခံသင်တန်းကျောင်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ နယ်မြေခံသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။ဦးစွာ ကျောင်းအုပ်ကြီးအား သင်တန်းသားတပ်ခွဲများက အလေးပြုကာ ဆက်လက်၍ နိုင်ငံတော်အလံကို အလေးပြုပြီး သင်တန်းသားများက ကတိသစ္စာပြု ကျမ်းသစ္စာဆိုကြသည်။
ထို့နောက် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်းပထမဆု၊ ချေမှုန်းရေးပထမဆု၊ အကောင်းဆုံးအိပ်ဆောင် ဆုရရှိသူများကို ကျောင်းအုပ်ကြီးက ဆုများပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်ကြီးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား (၂၀၈)ဦးအား ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်မှုဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကို သင်တန်းကာလ (၁၂)ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို
https://t.me/MyanmarNationalPost