NP News

မြိတ်တွင် KNLA၊ KTLA၊ PDF အဖွဲ့ဝင် (၃၀) နီးပါး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင် KNLA၊ KTLA နှင့် PDF အဖွဲ့များမှ အဖွဲ့ဝင် (၃၀) နီးပါး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအလင်းဝင်ရောက်လာသူများမှာ အမျိုးသား (၂၁) ဦးနှင့် အမျိုးသမီး (၇) ဦး စုစုပေါင်း (၂၈) ဦးဖြစ်ပြီး ကြိုဆိုလက်ခံခြင်းကို ယနေ့ (နိုဝင်ဘာ ၂၈ရက်) တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ ပါလာသော M16 သေနတ် (၁) လက်၊ HK သေနတ် (၁) လက်၊ ပစ္စတို (၁) လက်၊ လက်လုပ်သေနတ် (၄) လက်၊ လက်ပစ်ဗုံးမျိုးစုံ (၇) လုံး၊ ကျည်အိမ် (၂) ခု၊ ကျည်မျိုးစုံ (၆၄) တောင့်နှင့် (၄၀) မမ ဗုံးသီး (၃) လုံးတို့ကို တပ်မတော်ထံ အပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါအလင်းဝင်ရောက်လာသည့် လူငယ်များအား ထောက်ပံ့ငွေများနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
ယခုအချိန်အထိ PDF အပါအဝင် လက်နက်ကိုင် သောင်းကျန်းသူ (၆၂၀၀) ကျော် အလင်းဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News