
Uber ဟာ လျှပ်စစ်ကားထုတ်လုပ်တဲ့ Lucid ကုမ္ပဏီ၊ အလိုအလျောက်မောင်းနှင်မှုနည်းပညာကုမ္ပဏီ Nuro တို့နဲ့ ပူးပေါင်းပြီး ကယ်လီဖိုးနီးယားပြည်နယ်က မြို့ ၄ မြို့ရဲ့ အများပြည်သူသုံးလမ်းတွေပေါ်မှာ ယာဉ်မောင်းလုံးဝမပါတဲ့ Robotaxi တွေကို စတင်စမ်းသပ်နေပါတယ်။ အဲဒီစမ်းသပ်မှုတွေကို ဆန်ဖရန်စစ္စကို ဘေးဧရိယာ (San Francisco Bay Area) မှာရှိတဲ့ Palo Alto၊ Mountain View၊ Los Altos နဲ့ Sunnyvale မြို့တွေမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အဲဒီ Robotaxi တွေဟာ Nuro ရဲ့ အလိုအလျောက်မောင်းနှင်မှုနည်းပညာ တပ်ဆင်ထားတဲ့ Lucid Gravity လျှပ်စစ် SUV ကားတွေဖြစ်ပြီး အခုအခါမှာ ကားထဲမှာ လူသားဘေးကင်းရေးယာဉ်မောင်း မပါဘဲ စမ်းသပ်မောင်းနှင်နေတာ ဖြစ်ပါတယ်။ အဲဒီပူးပေါင်းဆောင်ရွက်မှုမှာ Lucid က ကားတွေကို ထောက်ပံ့ပေးပြီး Nuro က အလိုအလျောက်မောင်းနှင်မှုနည်းပညာကို ဖန်တီးကာ Uber ကတော့ သူ့ရဲ့ App ကနေတစ်ဆင့် အငှားယာဉ်ဝန်ဆောင်မှုကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ကုမ္ပဏီတွေအနေနဲ့ ၂၀၂၇ ခုနှစ် အစောပိုင်းမှာ ဆန်ဖရန်စစ္စကို ဘေးဧရိယာက အများပြည်သူတွေအတွက် အဲဒီဝန်ဆောင်မှုကို စတင်ပေးအပ်သွားဖို့ စီစဉ်နေပေမယ့် လက်ရှိမှာတော့ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိနေသေးတာကြောင့် သာမန်ခရီးသည်တွေ စီးနင်းလို့ မရသေးပါဘူး။ ဒါ့အပြင် Uber ဟာ လာမယ့်နှစ်တွေအတွင်း သူ့ရဲ့ Robotaxi ဝန်ဆောင်မှုကို တိုးချဲ့သွားဖို့ ပြင်ဆင်နေတာနဲ့အမျှ Lucid ဆီကနေ ကားအစီးရေ အနည်းဆုံး ၃၅,၀၀၀ ဝယ်ယူသွားဖို့လည်း ကတိပြုထားပါတယ်။
Ref : Technology Innovation