
နိုဝင်ဘာ ၂၈၊ ၂၀၂၆
Shy V (VOM)
မူဆယ်မှာ ယွမ်ငွေဈေး တရက်အတွင်း ရုတ်တရက် ထိုးကျသွားတာကြောင့် ငွေလဲလှယ်သူတွေနဲ့ အရောင်းအဝယ်လုပ်ကိုင်သူတွေ ရောင်းရင်းရှုံးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“တရုတ်ငွေ ယွမ်လည်း ပြန်မရောင်းနိုင်တော့ဘူး။ ယွမ် ၁၀၀ ကို ကျပ် ၈၀၀၀၀ နဲ့ ဝယ်ထားတာ ၇၀၀၀၀ နဲ့ ဘယ်သူမှ ပြန်မရောင်းနိုင်တော့ဘူးလေ။ မရောင်းဘူး။ အရောင်းရပ်ထားတယ်” လို့ ငွေလဲလှယ် ရောင်းဝယ်သူ အမျိုးသား တယောက်က ပြောပါတယ်။
ပစ္စည်းတခုကို ၁၂၀၀၀ နဲ့ ရောင်းလိုက်တဲ့ ပစ္စည်းကုန်သွားတော့ ၁၉၀၀၀ နဲ့ ပြန်ဝယ်ရတာကြောင့် အခက်ကြုံနေရတယ်လို့ အိမ်ဆိုင်ရောင်းသူ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
“ဘယ်လို ပြန်ရောင်းရတော့မှာလဲ။ ရောင်းရင်းနဲ့ ရှုံးနေတာ။ ရောင်းရတဲ့ ငွေနဲ့ အရင်း တောင်ပြန်လုပ်ဖို့ မလောက်ဘူး။ အမြတ်မပြောနဲ့ အရင်းတောင် ပြန်ပြန် စိုက်နေရတယ်” လို့ သူက ပြောပါတယ်။
ငွေဈေးတက်ရင်လည်း ရောင်းလိုက်တဲ့ ဈေးနဲ့ ပြန်ဝယ်လို့ မရတော့ ရှုံး နေရပြီး ငွေဈေး ပြန်ကျရင်လည်း ဈေးကြီးကြီးနဲ့ ဝယ်ထားရတော့ ငွေပေါက်ဈေးအတိုင်း ဈေးပြန်ချပြီး ရောင်းရတော့ ရှုံးနေတာကြောင့် လက်ရှိအခြေအနေက ရောင်းလည်းရှုံး၊ မရောင်းလည်းရှုံး ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
နိုဝင်ဘာ ၂၇ ရက်က ယွမ် ၁၀၀ ကို ယွမ်ပေး ကျပ်ယူမယ်ဆိုရင် ငွေသားနဲ့ ကျပ် ၈၀,၀၀၀၊ KPay နဲ့ ကျပ် ၈၀,၅၀၀ ရှိခဲ့ပြီး ကျပ်ပေး ယွမ်ယူမယ်ဆိုရင်တော့ ကျပ် ၈၃,၀၀၀ အထိ ပေးရတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ယွမ်ဈေးဟာ အချိန်တိုအတွင်း အတက်အကျ အပြောင်းအလဲ ကြမ်းလာပြီး ယွမ်ပေး ကျပ်ယူဈေးက ယွမ် ၁၀၀ ကို ကျပ် ၇၃,၀၀၀ ဝန်းကျင်အထိ ကျဆင်းသွားချိန်မှာ ကျပ်ပေး ယွမ်ယူဈေးကတော့ ကျပ် ၈၀,၀၀၀ အထိ ရှိနေတယ်လို့ ဆိုပါတယ်။
“ငွေဈေးက လုံးဝမငြိမ်ဘူး။ စက္ကန့်နဲ့အမျှ ပြောင်းနေတယ်လို့ ပြောလို့ရတယ်။ ကိုယ့်ဆီက customer တွေက ယွမ် ၁၀၀ ကို ၇၃,၀၀၀ ပဲ သိထားကြတာ။ ငွေသည်တွေဆီမှာ ယွမ်ပြန်ဝယ်ရင် ၈၀,၀၀၀ ဖြစ်နေပြီ။ ကျွန်တော်တို့လို ဈေးရောင်းတဲ့သူတွေကျတော့ အဆင်မပြေတော့ဘူး။ ရောင်းရရင်လည်း ရှုံးတယ်” လို့ အရောင်းအဝယ်လုပ်ကိုင်သူတေယာက်က ပြောပါတယ်။
ပုံမှန်အခြေအနေမှာ ယွမ်ပေး ကျပ်ယူဈေးနဲ့ ကျပ်ပေး ယွမ်ယူဈေးဟာ ကျပ် ၁,၀၀၀ ဝန်းကျင်သာ ကွာဟပေမဲ့ အခုအခါ ဈေးနှုန်းကွာဟချက် ပိုမိုများပြားလာတာကြောင့် အရောင်းအဝယ်လုပ်ကိုင်သူတွေ အရှုံးပေါ်နေကြတာ လို့ သူက ပြောပါတယ်။
ဒါ့အပြင် ယွမ်ဈေး မြင့်တက်လာပြီးနောက် တရားမဝင် ငွေလဲလှယ်သူတွေကို ဖမ်းဆီးမယ်လို့ အသိပေးထားတာနဲ့ ဝန်ကြီးလာရောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် နိုဝင်ဘာ ၂၇ ရက်မှာ မူဆယ်မြို့က လမ်းဘေးငွေလဲဆိုင်တချို့ ပိတ်ထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၈ ရက်မှာတော့ ယွမ် ၁၀၀ ကို ကျပ် ၇၀,၀၀၀ ဝန်းကျင်အထိ ထပ်မံကျဆင်းလာပြီး မူဆယ်နဲ့ ရွှေလီမြို့တို့မှာလည်း ငွေလဲဈေးနှုန်း ပြောင်းပြန်ဖြစ်နေတယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် မူဆယ်မှာ ရွှေလီထက် ငွေလဲဈေးပိုရပေမဲ့ လက်ရှိမှာတော့ ရွှေလီဘက်က ဈေးပိုရနေတယ်လို့ ဆိုပါတယ်။
လက်ရှိ ငွေဈေးအပြောင်းအလဲ မြန်ဆန်နေတဲ့အတွက် မဖြစ်နိုင်တဲ့ ဈေးတွေနဲ့ ဆွဲဆောင်ပြီး ငွေလိမ်ခံရ နိုင်ခြေ များလာတာကြောင့် ငွေလွှဲ လဲလှယ်သူတွေအနေနဲ့ ဈေးနှုန်းသက်သာတယ်ဆိုတဲ့ အကြောင်းပြချက်တထဲနဲ့ မရင်းနှီးတဲ့သူတွေဆီ ငွေလွှဲတာမျိုး မလုပ်ကြဖို့နဲ့ ပုံမှန်ယုံကြည်စိတ်ချရတဲ့ ငွေလွှဲသူတွေကတဆင့်သာ လွှဲလဲလှယ်ကြဖို့ ဒေသခံတွေက သတိပေး ပြောဆိုနေကြပါတယ်။
Photo Crd# ဒေသခံ