Voice of Myanmar

လိုင်ဇာမြို့အနီး လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရပြီး လူ ထိခိုက် သေဆုံးမှုရှိ

နိုဝင်ဘာ ၂၈၊ ၂၀၂‌၆

Shy V (VOM)

ကချင်ပြည်နယ် လိုင်ဇာမြို့အနီး နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် အစောပိုင်း ၁ နာရီကျော်ခန့်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရပြီး လူ ထိခိုက် သေဆုံးမှု ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဒီနေ့ မနက် ၁ နာရီခွဲ ဝန်းကျင်လောက်က လေယာဉ် နဲ့ ဗုံးကြဲသွားတာ။ အခု တောင် လေယာဉ် ပြန်တက်လာနေတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

သေဆုံးသူ နှစ်ယောက်၊ သုံးယောက်ရှိပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့သိရကြောင်း သူက ပြောပါတယ်။

“ဘိန်းဖြတ် စခန်းဘက် လေကြောင်း ဗုံးကြဲသွားတာ။ ထိခိုက် သေဆုံးမှုရှိတယ်။ ဆယ်ယောက်ကျော် ထိခိုက ဒဏ်ရာရတဲ့ ထဲက သုံးယောက် သေဆုံးသွားတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ​တွေ့ဆုံ​ဆွေး​နွေးမှု​တော့ အလှမ်း​​ဝေးသွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

စစ်တပ်ထောက်ခံသူတွေကလည်း ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့မနက် ၁ နာရီ ခန့်က လိုင်ဇာဘက်ကို လေကြောင်း ဗုံးကြဲခဲ့ကြောင်း တယ်လီဂရမ် ချန်နယ်မှာ ဖော်ပြထားပါတယ်။

လိုင်ဇာအနီး ပြီးခဲ့တဲ့ စက်တင်ဘာလက အစိုးရတပ်ရဲ့ ကင်းထောက်ပျံဝဲမှုရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်မှာ KIO/KIA ဘက်က လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ရှိနိုင်ကြောင်း သတိပေးခဲ့ပြီး ဒေသခံတွေကို လူစုလူဝေးရှောင်ရှားဖို့၊ မလိုအပ်ဘဲ ခရီးမသွားဖို့နဲ့ လေကြောင်းရန်အတွက် ကြိုတင်ပြင်ဆင်ဖို့ အသိပေးခဲ့ပါတယ်။

စက်တင်ဘာ ၂၃ ရက်မှာနေ့မှာတော့ လိုင်ဇာဘက်က စာသင်ကျောင်းတချို့လည်း ပိတ်ခဲ့ပါသေးတယ်။

မူရင်းသတင်း — Voice of Myanmar