တစ်နေ့တည်းမှာပင် ကိုယ်ဝန်လေးလဆောင်ထားရသည့် မိန်းကလေးငယ်အား ခင်ပွန်းဖြစ်သူက သေနတ်ဖြင့် ပစ်သတ်
အီရန်တွင် မိသားစုဂုဏ်သိက္ခာအတွက် နှစ်စဉ် မိန်းကလေးငယ်များ သတ်ဖြတ်ခံရမှု ၃၇၅ မှုမှ ၄၅၀ကြားဖြစ်ပွားနေဟု ခန့်မှန်း
သက်တံ့
၂၈. ၁၁. ၂၀၂၆
အီရန်နိုင်ငံမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် မီးဖွားပြီး ၁၀ ရက်သာ ရှိသေးချိန်တွင် မိသားစုထံ အလည်သွားခွင့်တောင်းခဲ့ရာမှ ခင်ပွန်းဖြစ်သူ၏ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာသည်။
အီရန် အမျိုးသားတော်လှန်ရေးကောင်စီ (NCRI) ၏ အမျိုးသမီးရေးရာကော်မတီ၏ အဆိုအရ ဆိုဂန် မိုရှ်တာရီကီ (Sogand Moshtareki) အမည်ရှိ အဆိုပါ ဆယ်ကျော်သက်မိန်းကလေးငယ်သည် အသက် ၁၃ နှစ်အရွယ်တွင် အတင်းအဓမ္မ လက်ထပ်ပေးခြင်း ခံခဲ့ရသူဖြစ်သည်။ သူမ၏ အသက် ၂၀ အရွယ် ခင်ပွန်းဖြစ်သူက လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး “မိသားစု အငြင်းပွားမှုများ” ကြောင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
ကာမန် (Kerman) ပြည်နယ်မှ ဆိုဂန်သည် နိုဝင်ဘာလ ၆ ရက်နေ့တွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ သူမသေဆုံးသည့် တစ်နေ့တည်းမှာပင် ကိုယ်ဝန် ၄ လ လွယ်ထားရသည့် အသက် ၂၁ နှစ်အရွယ် ဆီပီဒါ ရာအီစီ (Sepideh Raeisi) အမည်ရှိ အခြားအမျိုးသမီးငယ်တစ်ဦးမှာလည်း ကွာရှင်းခွင့်တောင်းခံရန် ကြိုးပမ်းခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ၏ သေနတ်ဖြင့် ပစ်သတ်ခြင်းကို ခံခဲ့ရသည်။
ယင်းဖြစ်ရပ်နှစ်ခုကြောင့် အီရန်နိုင်ငံအတွင်း ကလေးသူငယ် အိမ်ထောင်ပြုခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်နေရသည့် အန္တရာယ်များအပေါ် စိုးရိမ်ပူပန်မှုများ တစ်ကျော့ပြန် မြင့်တက်လာခဲ့သည်။ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားမှုများနှင့် ဥပဒေအရ အကာအကွယ်ပေးမှု အားနည်းခြင်းတို့က အမျိုးသမီးငယ်များကို အကြမ်းဖက်ခံရနိုင်ခြေ ပိုမိုမြင့်မားစေကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများက ပြောကြားကြသည်။
ခင်ပွန်းဖြစ်သူက ဆိုဂန်အား မိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်ထားခဲ့
အီရန် လူ့အခွင့်အရေးအဖွဲ့ (IHR) ၏ အဆိုအရ ဆိုဂန်၏ ဖခင်ဖြစ်သူ ပေးပို့သော အချက်အလက်များတွင် ခင်ပွန်းဖြစ်သူသည် ဆိုဂန်အား မိသားစုနှင့် အဆက်အသွယ် မလုပ်နိုင်ရန် ကန့်သတ်ထားခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းသည် အပြင်ထွက်သည့်အခါတိုင်း ဆိုဂန်ကို အိမ်ထဲတွင် သော့ခတ်ပိတ်လှောင်ထားလေ့ရှိသည်ဟု ဆိုသည်။
ထို့အပြင် ဆိုဂန်သည် မကြာသေးမီက ယာဉ်မတော်တဆမှုတစ်ခုမှ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ပြန်လည်သက်သာလာရန် ကုသမှုခံယူနေဆဲအချိန်မှာပင် ကလေးမီးဖွားခဲ့ရခြင်းဖြစ်သည်။ ခင်ပွန်းဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီဖြစ်ကြောင်း IHR က ပြောကြားသည်။
ဆယ်ကျော်သက်မိန်းကလေးငယ်သည် အသတ်မခံရမီ အချိန်အနည်းငယ်အလိုတွင် မိသားစုထံ အလည်သွားခွင့်ပြုရန် ခင်ပွန်းဖြစ်သူထံ ခွင့်တောင်းခဲ့ကြောင်း NCRI အမျိုးသမီးရေးရာကော်မတီက ဆိုသည်။
တစ်နေ့တည်းမှာပင် ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်တစ်ဦး ထပ်မံအသတ်ခံရ
ဆိုဂန် သေဆုံးသည့် တစ်နေ့တည်းမှာပင် ဖာ့စ် (Fars) ပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် ဆီပီဒါ ရာအီစီ အသတ်ခံရသည့် သတင်းလည်း ထွက်ပေါ်ခဲ့သည်။ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးရှိပြီး ကိုယ်ဝန် ၄ လ လွယ်ထားရသည့် ဆီပီဒါသည် ကွာရှင်းခွင့်တောင်းခံရန် ကြိုးပမ်းခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ၏ သေနတ်ဖြင့် ပစ်သတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် သူမ၏ ဝမ်းဗိုက်ထဲမှ မမွေးဖွားသေးသည့် ကလေးငယ်ပါ သေဆုံးခဲ့ရပြီး သူမ၏ မိခင်ဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့သည်။
ဆီပီဒါသည်လည်း အသက် ၁၃ နှစ်အရွယ်တွင် အတင်းအဓမ္မ လက်ထပ်ပေးခြင်းခံခဲ့ရသူဖြစ်ပြီး နှစ်ပေါင်းများစွာ အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို ခံစားခဲ့ရကြောင်း NCRI က ပြောကြားသည်။
အီရန်ရှိ ကလေးသူငယ် အိမ်ထောင်ပြုခြင်း အန္တရာယ်များကို တက်ကြွလှုပ်ရှားသူများ သတိပေး
အတင်းအဓမ္မ လက်ထပ်ပေးခံရသည့် မိန်းကလေးငယ်များသည် ပညာသင်ကြားခွင့်၊ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်များ ဆုံးရှုံးရကြောင်း NCRI က ဆိုသည်။ ကလေးသူငယ် အိမ်ထောင်ပြုခြင်းသည် မိန်းကလေးငယ်များကို အိမ်တွင်းအကြမ်းဖက်မှု၊ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ရမှုနှင့် စီးပွားရေးအရ မှီခိုရမှုတို့ကို ကြုံတွေ့စေပြီး အချို့ဖြစ်ရပ်များတွင် အသက်ဆုံးရှုံးသည်အထိ ပြင်းထန်သော အကြမ်းဖက်မှုများဖြင့် အဆုံးသတ်လေ့ရှိကြောင်း သတိပေးထားသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ တစ်လတည်းမှာပင် အီရန်နိုင်ငံ၌ အမျိုးသမီးဖြစ်ခြင်းကြောင့် သတ်ဖြတ်ခံရမှု (Femicide) ၂၄ မှု ရှိခဲ့ကြောင်း NCRI က ဖော်ပြခဲ့သည်။ သေဆုံးသူအများစုမှာ ၎င်းတို့သိကျွမ်းရင်းနှီးသည့် အမျိုးသားများ၏ လက်ချက်ဖြင့် မိမိတို့၏ နေအိမ်များအတွင်း၌ပင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး တိုင်ကြားခြင်းမရှိသည့် အမှုများစွာ ရှိနေနိုင်သောကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း သတိပေးထားသည်။
ထို့အပြင် ဗြိတိန်အခြေစိုက် ပါရှန်းဘာသာစကား ရုပ်သံလွှင့်ဌာန Iran International ၏ ဖော်ပြချက်အရ မတ်လ ၂၁ ရက်မှ အောက်တိုဘာလ ၁၃ ရက်အတွင်း အီရန်နိုင်ငံ၌ အမျိုးသမီးနှင့် မိန်းကလေးငယ် အနည်းဆုံး ၈၄ ဦး အသတ်ခံခဲ့ရသည်။ ယင်းအမှုများအနက် ၇၅ မှုတွင် ကျူးလွန်သူများမှာ သေဆုံးသူများနှင့် သိကျွမ်းသူများဖြစ်ကြပြီး အသက်မပြည့်သေးသည့် မိန်းကလေးငယ် ၈ ဦးမှာ ၎င်းတို့၏ ဖခင်၊ အစ်ကို သို့မဟုတ် အခြားအမျိုးသား ဆွေမျိုးများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
Hengaw လူ့အခွင့်အရေးအဖွဲ့၏ စာရင်းများအရ ၂၀၂၅ ခုနှစ်အတွင်း အီရန်နိုင်ငံတစ်ဝန်း၌ အမျိုးသမီး သတ်ဖြတ်ခံရမှု အနည်းဆုံး ၂၀၇ မှု ရှိခဲ့ပြီး ယင်းတို့အနက် ၃၁ မှုမှာ “မိသားစုဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်း (Honour Killing)” ဟု သံသယရှိရသည့် အမှုများဖြစ်သည်။ လက်ထပ်ခွင့်တောင်းခံမှုကို ငြင်းပယ်သဖြင့် အသတ်ခံရသူ အနည်းဆုံး ၁၃ ဦး၊ ကွာရှင်းခွင့်တောင်းခံသဖြင့် အသတ်ခံရသူ ၁၀ ဦးနှင့် ကလေးသူငယ် အိမ်ထောင်ပြုမှုနှင့် ဆက်နွှယ်၍ အသတ်ခံရသူ ၁၀ ဦး ရှိခဲ့ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။
စိုးရိမ်ဖွယ်ရာ အခြားလတ်တလော ဖြစ်ရပ်များ
မကြာသေးမီက ဖြစ်ပွားခဲ့သည့် အခြားလူသတ်မှုများကလည်း အီရန်နိုင်ငံအတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများကို ပိုမိုအာရုံစိုက်လာစေခဲ့သည်။
အခြားဖြစ်ရပ်တစ်ခုတွင် ကိုယ်ဝန် ၂ လ လွယ်ထားရသည့် အသက် ၁၉ နှစ်အရွယ် ဟယ်လီယာ ဖာတာဟီ (Helia Fattahi) သည် မိဘနှစ်ပါး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ မိဘများဖြစ်ကြသည့် ဗိုရီယာ ဖာတာဟီနှင့် လေလာ ဗေစီတို့က သူမအား အတက်ကျဆေးပြား ၃၀ ခန့်ကို အတင်းအဓမ္မ သောက်ခိုင်းခဲ့ပြီး ရိုက်နှက်ကာ ခေါင်းအုံးဖြင့် ဖိသတ်ခဲ့ခြင်းဖြစ်ကြောင်း Hengaw အဖွဲ့က ပြောကြားသည်။ အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ရောက်ရှိလာချိန်တွင် မိဘများက သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အီရန်အနောက်ပိုင်း ဆာနန်ဒက်ဂျ် (Sanandaj) မြို့တွင် ရဲတပ်ဖွဲ့က ၎င်းတို့ကို ဖမ်းဆီးခဲ့သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင်လည်း ဂီလန် (Gilan) ပြည်နယ်၌ အသက် ၂၃ နှစ်အရွယ် ဆာဒက်ဖ် ဟက်ဂ်ဘင် (Sadaf Haghbin) သည် သူမ၏ မွေးနေ့ပါတီပွဲ၌ပင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ရည်းစားဟောင်းဖြစ်သူက လက်ထပ်ခွင့် ငြင်းပယ်ခံရသဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ကာမန်ရှား (Kermanshah) မြို့ရှိ လူနေတိုက်ခန်းဝင်းအတွင်း အသက် ၁၆ နှစ်အရွယ် ဆိုဂန် ဆေယာဒီ (Sogand Sayyadi) ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။ သူမသည် ဖခင်ဖြစ်သူနှင့်အတူ အိမ်ပြန်လိုက်သွားပါက ဖခင်က နှိပ်စက် သို့မဟုတ် သတ်ဖြတ်မည်ကို စိုးရိမ်ကြောင်း ကျောင်းသို့ ကြိုတင်သတိပေးခဲ့ဖူးသည်ဟု Hengaw အဖွဲ့က ဆိုသည်။ ဖခင်ဖြစ်သူ ကီယိုမာ့စ် ဆေယာဒီသည် အတန်းဖော်များနှင့် ကျောင်းဝန်ထမ်းများ ရှေ့တွင် သမီးဖြစ်သူကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပြီး နောက်တစ်နေ့တွင် မိသားစုနေထိုင်ရာ တိုက်ခန်း ၅ လွှာမှ ပစ်ချသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖခင်ဖြစ်သူကို လူသတ်မှုသံသယဖြင့် ဖမ်းဆီးထားပြီး ကျောင်းအုပ်ကြီးကိုလည်း ပေါ့လျော့မှုသံသယဖြင့် ဖမ်းဆီးထားကြောင်း တရားရေးဌာနနှင့် ဆက်နွှယ်သည့် Mizan သတင်းဌာနက ဖော်ပြသည်။
ဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှုများနှင့် ပတ်သက်၍ အီရန်ဥပဒေက မည်သို့ဆိုသနည်း
ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ အီရန်နိုင်ငံ၏ အစ္စလာမ္မစ် ရာဇသတ်ကြီးဥပဒေတွင် “ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်း” ကို သီးခြားရာဇဝတ်မှုအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိပေ။ ဥပဒေပုဒ်မ ၃၀၁ အရ မိမိတို့၏ သားသမီး သို့မဟုတ် မြေးများကို သတ်ဖြတ်သည့် ဖခင်နှင့် ဖခင်ဘက်မှ အဘိုးဖြစ်သူများကို သေဒဏ်အထိ ချမှတ်နိုင်သော အသက်နှင့်အသက်ချင်း ပြန်လည်ပေးဆပ်ရသည့် ပြစ်ဒဏ် (Qisas) မှ ကင်းလွတ်ခွင့် ပေးထားသည်။
ပုဒ်မ ၆၁၂ အရ Qisas ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရသည့် လူသတ်မှုကျူးလွန်သူသည် အများပြည်သူ အေးချမ်းသာယာရေးကို ထိခိုက်စေသည် သို့မဟုတ် အခြားပြစ်မှုများ ထပ်မံကျူးလွန်ရန် အားပေးရာရောက်သည်ဟု တရားရုံးက ဆုံးဖြတ်မှသာ ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သည်။
ယင်းဥပဒေပြဋ္ဌာန်းချက်များက ဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှုများကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိစေရန် လမ်းဖွင့်ပေးနေကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ထောက်ပြထားသည်။
အီရန်နိုင်ငံတွင် နှစ်စဉ် ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခံရမှုပေါင်း ၃၇၅ မှုမှ ၄၅၀ မှုကြား ရှိနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်မှန်းထားပြီး ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနကမူ တစ်နှစ်လျှင် အနည်းဆုံး ၄၅၀ မှု ရှိနိုင်ကြောင်း ဖော်ပြထားသည်။ ယုံကြည်စိတ်ချရသော တရားဝင်စာရင်းဇယားများ မရှိခြင်းကြောင့် အမှန်တကယ် အရေအတွက်ကို အတိအကျ သိရှိရန် ခက်ခဲလျက်ရှိသည်။
သေဒဏ်မှ ကင်းလွတ်ခွင့်ပေးခြင်းနှင့် နှိုင်းယှဉ်ချက်အရ ပေါ့လျော့သော ပြစ်ဒဏ်များ ချမှတ်ခြင်းတို့က တာဝန်ခံမှုကို အားနည်းစေပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို လုံလောက်သော အကာအကွယ် မပေးနိုင်ဖြစ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများက ဝေဖန်လျက်ရှိသည်။
Ref: TOI