
နိုဝင်ဘာလ ၂၈၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အနီးက ရွာတချို့မှာ မြေရှားသတ္တု စမ်းသပ်တူးဖော်မှုတွေ ရှိနေပြီး မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်လာနိုင်တဲ့အပေါ် ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေကြောင်း ဒေသခံတွေနဲ့ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“နမ့်ခမ်းမြို့နယ်ဘက်မှာ မြေရှား သတ္တုနဲ့ ပတ်သက်ပြီး တရုတ်တွေ မြေယူ စမ်းသပ်မှုပြုလုပ်နေတာ ကြာပြီ” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
သိန္နီမြို့နယ်၊ လားရှိုးမြို့နယ်က တောင်တွေဘက်မှာလည်း တရုတ်တွေ မြေရှား သတ္တု စမ်းသပ်မှုတွေ ရှိတယ်လို့ သိရပြီး သက်တမ်းနုတယ်လို့ သိရတာကြောင့် တူးဖော်ဖို့ ပြင်ဆင်တာတွေ လုပ်တာ မတွေ့ရဘူးလို့ သူက ပြောပါတယ်။
နမ့်ခမ်းမြို့နယ်အနီး မန်စပ်၊ မန်ပူးနဲ့ မန်ပန်ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် မေလဝန်းကျင်ကစပြီး တရုတ်ဘာသာစကားပြောဆိုတဲ့ လူအုပ်စုတွေဟာ ဒေသခံတောင်သူတွေရဲ့ လက်ဖက်ခြံတွေအတွင်း သံပိုက်တွေ အသုံးပြုပြီး မြေကြီးတွေကို စမ်းသပ်တူးဖော်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်အထိ အဲဒီစမ်းသပ်တူးဖော်မှုတွေကို ဘယ်အဖွဲ့အစည်းက ဦးဆောင်လုပ်ကိုင်နေတယ်ဆိုတာ အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် တူးဖော်တဲ့ပုံစံ၊ အသုံးပြုတဲ့ပစ္စည်းနဲ့ လုပ်ကိုင်တဲ့အချိန်တွေမှာ ဆင်တူမှုတွေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
မန်စပ်ကျေးရွာမှာ အနည်းဆုံး ၁၆ ပေါက်၊ မန်ပူးကျေးရွာမှာ ၂၀ ပေါက်နဲ့ မန်ပန်ကျေးရွာမှာ ၄၀ ကျော်အထိ စမ်းသပ်ကျင်းတွေ တူးဖော်ထားတယ်လို့ ဆိုပါတယ်။
အဲဒီကျင်းတွေဟာ အကျယ် လေးလက်မခန့်ရှိပြီး အနက်တစ်ပေကနေ ပေ ၃၀ ဝန်းကျင်အထိ ရှိနိုင်ကာ တူးဖော်ပြီးနောက် ပြန်လည်ဖို့ပေးတာ၊ လုံခြုံရေးအတွက် အကာအကွယ်လုပ်ပေးတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။
ဒေသခံတောင်သူတေယာက် လက်ဖက်ခြံထဲမှာ လက်ဖက်ခူးနေချိန် အမျိုးသားတွေ တရုတ်လို စကားပြောနေသံတွေ၊ သံချောင်းခေါက်သံတွေ ကြားခဲ့ရပြီး။သူတို့ဘယ်သူတွေလဲဆိုတာ ကြောက်လို့ သွားမကြည့်ရဲခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တူးဖော်ထားတဲ့ကျင်းတွေဟာ ကျွဲ၊ နွားတွေ စားကျက်စားတဲ့နေရာတွေနဲ့လည်း နီးကပ်နေတဲ့အတွက် တိရစ္ဆာန်တွေ ကျင်းထဲခြေကျွံပြီး ထိခိုက်ဒဏ်ရာရတာ၊ ခြေကျိုးတာနဲ့ သေဆုံးတာတွေ ဖြစ်လာမှာကိုလည်း ဒေသခံ မွေးမြူရေးလုပ်ကိုင်သူတွေက စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေနဲ့ပတ်သက်ပြီး ဒေသခံတွေကလည်း စိုးရိမ်မှုရှိနေကြသလို စမ်းသပ်တူးဖော်နေတဲ့ တောင်တန်းနေရာအများစုဟာ ဒေသခံတွေရဲ့ ရေထွက်ဦးတွေနဲ့ နီးစပ်နေတဲ့အတွက် မြေရှားသတ္တုကို အကြီးစားထုတ်ယူတဲ့အဆင့်အထိ ရောက်ရှိလာပါက ဓာတုပစ္စည်းအသုံးပြုမှုနဲ့ စွန့်ပစ်ရေတွေကြောင့် သောက်သုံးရေ၊ စိုက်ပျိုးရေနဲ့ မြေဆီလွှာတွေ ညစ်ညမ်းပျက်စီးလာနိုင်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် မန်စပ်ကျေးရွာက လယ်ယာလုပ်ငန်းနဲ့ လက်ဖက်စိုက်ပျိုးရေးကို အဓိကမှီခိုနေကြတဲ့ တောင်သူတွေအတွက် ရေအရင်းအမြစ်နဲ့ မြေယာတွေ ထိခိုက်လာမယ်ဆိုရင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေပါ ဆုံးရှုံးနိုင်တဲ့အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီလို ထိခိုက်မှုတွေဟာ အနီးအနားက မန်ပူး၊ မန်ပန်နဲ့ မိုင်းဝီးဒေသဘက်အထိပါ သက်ရောက်လာနိုင်တာေကြာင့် ဒေသခံတွေက စိုးရိမ်နေကြတာလို့ သိရပါတယ်။
နမ့်ခမ်းဒေသဟာ လက်ရှိမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေကြား နယ်မြေထိန်းချုပ်မှု အပြောင်းအလဲတွေ ရှိခဲ့တဲ့ဒေသဖြစ်ပြီး ဒေသန္တရအုပ်ချုပ်ရေးနဲ့ လုံခြုံရေးအခြေအနေတွေကလည်း ရှုပ်ထွေးတာတွေရှိတယ်ေကြာင်း ဒေသခံတွေဆီက သိရပါတယ်။
အဲဒီလိုအခြေအနေမျိုးမှာ သဘာဝသယံဇာတ ထုတ်ယူရေးလုပ်ငန်းတွေ ပေါ်ပေါက်လာတာဟာ ဒေသခံတွေအတွက် နောက်ထပ်စိန်ခေါ်မှုတခု ဖြစ်လာနေပါတယ်။
တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (TCSN) ကလည်း ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ တအာင်းဒေသအတွင်း မြေရှားသတ္တုအပါအဝင် သဘာဝသယံဇာတတွေကို အလွန်အကျွံ ထုတ်ယူနေမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းနေမှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ ပိုမိုခက်ခဲလာနေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအတွက် ဒေသခံပြည်သူတွေရဲ့ သဘောတူညီချက်မရှိဘဲ လျို့ဝှက်ဝင်ရောက်လုပ်ကိုင်နေတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်တဲ့ စမ်းသပ်တူးဖော်မှုတွေကို တားဆီးအရေးယူပေးဖို့နဲ့ သက်ဆိုင်ရာ နယ်မြေထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေ၊ ကျေးရွာတာဝန်ရှိသူတွေက ဒေသခံတွေရဲ့ အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးဖို့ လိုအပ်နေတယ်လို့ဆိုပါတယ်။
တဖက်မှာလည်း နမ့်ခမ်းဘက်မှာ မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စီမံကိန်းရဲ့ အတိုင်းအတာ၊ လုပ်ကိုင်မယ့်အဖွဲ့အစည်းနဲ့ တူးဖော်မယ့် အစီအစဉ်တွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒေသခံ အမျိုးသမီး တယောက်ကလည်း “နမ့်ခမ်းဘက်မှာ မြေရှားတူးဖော်ဖို့ ပြင်ဆင်နေတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ မြေရှားသတ္တု တူးနေတာနဲ့ ပတ်သက်ပြီး အသေးစိတ် အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ မြေရှားစမ်းသပ်တူးဖော်မှုတွေဟာ ဒေသခံတွေရဲ့ လက်ဖက်ခြံ၊ လယ်ယာမြေနဲ့ ရေအရင်းအမြစ်တွေအပေါ် ဘယ်လောက်အထိ သက်ရောက်လာမလဲဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပြီး ဒေသခံတွေအနေနဲ့လည်း မိမိတို့ရဲ့ မြေယာ၊ ရေအရင်းအမြစ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ရေရှည်မထိခိုက်စေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီက အကာအကွယ်နဲ့ ပွင့်လင်းမြင်သာတဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကို မျှော်လင့်နေကြပါတယ်။
Photo Crd# တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့