သက်တံ့
၂၇. ၁၁. ၂၀၂၆
နှစ်နိုင်ငံငံနယ်စပ်ရှိ ကော့ခ်မြစ်နှင့် မယ်ဆိုင်မြစ်တို့၏ နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုကို ဖြေရှင်းရန် သုံးနှစ်တာ ပူးတွဲလုပ်ငန်းစီမံချက် ရေးဆွဲရေးကို ထိုင်းနှင့် မြန်မာတို့ သဘောတူညီခဲ့ကြပြီး နှစ်နိုင်ငံလုံးရှိ နေရာ ၁၂ ခုတွင် ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလအတွင်း စတင်နိုင်မည်ဟု ထိုင်းအစိုးရဘက်က မျှော်လင့်ထားကြောင်း The Nation သတင်းဌာနက ဖော်ပြသည်။
ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) ၏ အစိုးရအနေဖြင့် ထိခိုက်ခံစားရသော ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးရင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြစ်နှစ်စင်းအတွင်း အဆိပ်သင့်ညစ်ညမ်းမှုများကို ကိုင်တွယ်ဖြေရှင်းရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီဒါ ပါ့စ်ဗီဗာတာနာ (Lalida Persvivatana) က သောကြာနေ့ (နိုဝင်ဘာ ၂၇) တွင် ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၂၅ ရက်မှ ၂၆ ရက်အထိ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် နယ်စပ်နှင့် နယ်စပ်ဖြတ်ကျော် မြစ်ချောင်းများ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့ (JWG) ၏ ပထမအကြိမ် အစည်းအဝေးနှင့် ပူးတွဲလုပ်ငန်းစီမံချက် ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ယခုကဲ့သို့ သဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုင်းကိုယ်စားလှယ်အဖွဲ့ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ရာဝီဝမ် ဘူရီဒက်ဂျ် (Raweewan Bhuridej) နှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန (PCD) ညွှန်ကြားရေးမှူးချုပ် ဆူရင် ဝေါ်ရာကစ်သမ်ရောင် (Surin Worakijthamrong) တို့က ဦးဆောင်ခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဦးတို့က ဦးဆောင်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ နှစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
သုံးနှစ်တာ လုပ်ငန်းစီမံချက်အောက်ရှိ ဦးစားပေးလုပ်ငန်းစဉ် ငါးရပ်ချမှတ်လုပ်ဆောင်
နှစ်နိုင်ငံလုံးက ကနဦး တစ်နှစ်တာ လုပ်ငန်းမူဘောင်ကို အတည်ပြုခဲ့ကြပြီး အဓိကနယ်ပယ် ငါးခုပါဝင်သည့် သုံးနှစ်တာ လုပ်ငန်းစီမံချက်ကို ရေးဆွဲရန် သဘောတူညီခဲ့ကြောင်း လာလီဒါက ပြောကြားခဲ့သည်။
အဆိုပါ အဓိကနယ်ပယ်ငါးခုမှာ ရေအရည်အသွေး ပူးတွဲစောင့်ကြည့်စစ်ဆေးခြင်း၊ ညစ်ညမ်းမှု အရင်းအမြစ်များကို ဖော်ထုတ်ခြင်းနှင့် ဘေးအန္တရာယ် ဆန်းစစ်ခြင်း၊ ပြည်သူ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ မူဝါဒနှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့သည် ပူးတွဲလုပ်ငန်းစဉ်များကို ညှိနှိုင်းအကောင်အထည်ဖော်ရန် တာဝန်ရှိသည့် အဓိကဌာနများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
နေရာ ၁၂ ခုတွင် ရေနမူနာ ပူးတွဲစစ်ဆေးမည်
ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအညီအမျှ ခွဲဝေထားသည့် ပူးတွဲရေနမူနာ စစ်ဆေးရေးနေရာ ၁၂ ခု သတ်မှတ်ထားရှိရန် နှစ်နိုင်ငံလုံးက မူအားဖြင့် သဘောတူညီခဲ့ကြသည်။ စောင့်ကြည့်စစ်ဆေးမည့် နေရာများမှာ ကော့ခ်မြစ် (Kok River) တွင် စုစုပေါင်း ၈ နေရာ (တစ်နိုင်ငံလျှင် ၄ နေရာစီ) နှင့် မယ်ဆိုင်မြစ် (Sai River) တွင် စုစုပေါင်း ၄ နေရာ (တစ်နိုင်ငံလျှင် ၂ နေရာစီ) ဖြစ်သည်။
ပထမအကြိမ် ပူးတွဲရေနမူနာ စစ်ဆေးမှုကို နှစ်ဖက်စလုံး၏ လုပ်ငန်းပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုအပေါ် မူတည်၍ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်နိုင်ရန် မျှော်မှန်းထားသည်။
ထို့ပြင် လက်ရှိဆောင်ရွက်နေသည့် ဆန်းစစ်လေ့လာမှုများနှင့် ညစ်ညမ်းမှု လျှော့ချရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ရေအရည်အသွေး စစ်ဆေးမှုရလဒ်များကို တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် အပြန်အလှန် ဖလှယ်သွားရန်လည်း သဘောတူညီခဲ့ကြသည်။
နုန်းမြေ၊ ငါး၊ စိုက်ပျိုးမြေနှင့် ဟင်းသီးဟင်းရွက်များအထိ တိုးချဲ့စစ်ဆေးမည်
ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးခြင်းအပြင် အဆိပ်သင့်ညစ်ညမ်းမှု၏ ပိုမိုကျယ်ပြန့်သော သက်ရောက်မှုများကို သိရှိနိုင်ရန် ထိုင်းနှင့် မြန်မာတို့သည် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။
ထပ်တိုးစစ်ဆေးမည့် အပိုင်းများတွင် မြစ်အောက်ခြေ နုန်းမြေအရည်အသွေး၊ ရေနေသတ္တဝါများအတွင်း အဆိပ်အတောက် စုပုံမှု၊ စိုက်ပျိုးမြေနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်မည်ဖြစ်သည်။ နှစ်ဖက်စလုံးအနေဖြင့် မြစ်ဖျားပိုင်းဒေသများမှသည် မြစ်အောက်ပိုင်းရှိ ဒေသခံလူထုအထိ မြစ်ဝှမ်းတစ်လျှောက်ရှိ ညစ်ညမ်းမှု အရင်းအမြစ်များကို စုံစမ်းဖော်ထုတ်ကာ ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များကို ဆန်းစစ်သွားမည်ဖြစ်ပြီး ညစ်ညမ်းနေသော ရေနှင့် စိုက်ပျိုးရေးထွက်ကုန်များကို ထိတွေ့သုံးစွဲမိနိုင်ခြေရှိသည့် ဒေသခံများကို အထူးအလေးပေး ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြစ်ဖျားပိုင်းရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် ဆက်နွှယ်နေသော အာဆင်းနစ် (Arsenic) နှင့် အခြားသတ္တုအဆိပ်များသည် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ စီးဝင်နေသည့် မြစ်ချောင်းများကို ထိခိုက်စေခြင်းအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ တိုးချဲ့စောင့်ကြည့်စစ်ဆေးမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကော့ခ်မြစ်နှင့် မယ်ဆိုင်မြစ်တို့အတွင်း အာဆင်းနစ် ညစ်ညမ်းမှုဖြစ်ပေါ်စေသည်ဟု သံသယရှိရသော သတ္တုတွင်းများ၏ လုပ်ငန်းလည်ပတ်မှုကို နောက်ထပ်စုံစမ်းစစ်ဆေးမှုများ မပြီးမချင်း ၆ လကြာ ရပ်ဆိုင်းထားပေးရန် ထိုင်းနိုင်ငံက ယခင်က တောင်းဆိုထားခဲ့သည်။
ထိခိုက်ခံစားရသူများကို ကာကွယ်ရန် ထိုင်းအစိုးရ ဆက်လက်ဆောင်ရွက်
ယခုနောက်ဆုံးရရှိခဲ့သည့် သဘောတူညီချက်သည် ရေနမူနာယူမည့် နေရာများကို တိကျစွာသတ်မှတ်ခြင်း၊ သတင်းအချက်အလက် မျှဝေခြင်းနှင့် ညစ်ညမ်းမှုအရင်းအမြစ်များကို စုံစမ်းစစ်ဆေးခြင်းတို့ ပါဝင်သဖြင့် သံတမန်ရေးရာ ဆွေးနွေးမှုများကို လက်တွေ့ကျသော လုပ်ငန်းစဉ်များအဖြစ် အကောင်အထည်ဖော်နိုင်မည့် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း လာလီဒါက ပြောကြားခဲ့သည်။
နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးမှုများနှင့်အတူ ပြည်တွင်း၌လည်း အစားထိုး သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးခြင်းနှင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးသက်ရောက်မှုများကို စောင့်ကြည့်စစ်ဆေးခြင်း အပါအဝင် ကာကွယ်ရေးလုပ်ငန်းများကို အစိုးရက ဆက်လက်လုပ်ဆောင်နေကြောင်း သူမက အလေးပေးပြောကြားခဲ့သည်။ လက်ရှိတွင် မြေအောက်ရေအရင်းအမြစ် ဦးစီးဌာနသည် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၄ ရွာမှ ဒေသခံများ သန့်ရှင်းသောရေ ရရှိစေရန်အတွက် မြေအောက်ရေတွင်းနက်များ တူးဖော်ပေးလျက်ရှိသည်။ ဝန်ကြီးချုပ်၏ ညွှန်ကြားချက်နှင့်အညီ ထိခိုက်ခံစားရသော ဒေသခံများအား စဉ်ဆက်မပြတ် အကူအညီပေးအပ်ရင်း ညစ်ညမ်းမှုကို မူလအရင်းအမြစ်မှစ၍ ဖြေရှင်းသွားရန် အစိုးရက ရည်ရွယ်ထားသည်။
လာမည့် ပူးတွဲအစည်းအဝေးကို မြန်မာနိုင်ငံတွင် ကျင်းပမည်
လုပ်ငန်းတိုးတက်မှု အခြေအနေများကို ပြန်လည်သုံးသပ်ရန်နှင့် သဘောတူညီထားသည့် လုပ်ငန်းစဉ်များကို အရှိန်မြှင့် အကောင် အထည်ဖော်ရန်အတွက် ဒုတိယအကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ကျင်းပသွားရန် ထိုင်းနှင့် မြန်မာတို့ သဘောတူညီခဲ့ကြသည်။
လာမည့်အစည်းအဝေးတွင် ကနဦးစောင့်ကြည့်စစ်ဆေးရေး မူဘောင်အပေါ် အခြေခံ၍ ၃ နှစ်တာ လုပ်ငန်းစီမံချက်ကို ပိုမိုပြည့်စုံအောင် ဆက်လက်ရေးဆွဲသွားမည်ဟု မျှော်လင့်ရသည်။
ပြည်သူ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရင်း ထိခိုက်ခံစားရသော ဒေသခံပြည်သူများအတွက် ရေရှည်ရေဖူလုံမှု ရှိစေရန်နှင့် နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုကို မူလအရင်းအမြစ်မှစ၍ ဖြေရှင်းသွားရန် အစိုးရက ဆက်လက်သန္နိဋ္ဌာန်ချထားကြောင်း လာလီဒါက ပြောကြားခဲ့သည်။
Ref: The Nation