
ဆူးငှက်
မြနန္ဒာ ရေညိုသန်းပြန်တော့ ——————————- မန်္တလေးတောင် ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်မှ ပတ်ဝန်းကျင်တစ်ခွင် လှမ်းမျှော်ကြည့်လိုက်လျှင် မန်္တလေးသည် မြူထဲ၌ လူးလွန့်နေ၏။ တစ်ခါတစ်ရံ အဆောက်အအုံသစ်တချို့၏ သွပ်မိုးပြောင်ပြောင်သည် မှန်ထိုးပြနေသဖြင့် တဖျပ်ဖျပ်…။ မန်္တလေးကို ပတ်လည် ဝန်းရံနေတာက ရေရိပ်၊ လယ်ရိပ်များသာ ဖြစ်ခဲ့ကြောင်း အစွန်းအထင်း အစအနတွေ တွေ့နေရပါသေးသည်။ အရင်ကတော့ အောင်ပင်လယ်ကန်၊ နန်္ဒာကန်တွေမှာ ရေရိပ်သမ်းခဲ့မှာပေါ့။ အရင် ကတော့ ငွေတော်ကြည်ကုန်း၊ သင်ပန်းကုန်း၊ ထွန်တုံး၊ ရဲမွန်တောင်နှင့် ကံ ကောက်နယ်တစ်ကြောမှာ လယ်ရိပ် စိမ်းမြမြပင်လယ်ပြင်ကြီး ဖြစ်မှာပေါ့။
အခုတော့ ထို ရေရိပ်၊ လယ်ရိပ်များဆီမှ သွပ်မိုးပြောင်ပြောင်များ တဖျပ် ဖျပ် မှန်ရိပ်ထိုးပြနေပြန်သည်။ ကုန်လွန်ခဲ့သော ကာလများဆီကတော့ သစ်ရိပ် ဝါးရိပ်တွေ အောက်က ဣန္ဒြေကြီးလှသော မန္တလေး။ ထို မန်္တလေးကို ဆုတောင်းပြည့် ရင်ပြင်တော်က ဟို…အနောက် ဘက် မင်းဝံတောင်ရိုးဆီ လှမ်းမျှော်ကြည့်မိသည်။ မင်းဝံတောင်ရိုး …၊ ဧရာဝတီ၊ ဟောဟိုအုပ်အုပ်က ရှင်အရဟံသိမ် ဖြစ်မှာပေါ့…။ အဲဒီဘေးက ကူကြီးကုန်းဖြစ် မှာပေါ့…။ တောင်ဘက်နားက ထီးတစောင်းဘုရား…၊ ဒီဘက်မှာက ပြည် တိုက်…။ ဟိုဟာ ညောင်ကွဲ….။ တကယ်တော့ မန္တလေးသည် မြန်မာပြည်အလယ်ပိုင်း မိုးနည်းရေရှားဒေသမှာ တည်ရှိဆိုငြား ပုဂံခေတ်ကတည်းက တူးဖော်ဆည်ဖို့ သိုလှောင်ထားသည့် ဧရာမ အောင်ပင်လယ်ကန်ကြီးက အရှေ့မှဆီးသည်။ တောင်မှာ သဘာဝ အင်းကျယ်ကြီး ဇောင်းကလောနှင့် တောင်သမန်ရှိသည်။ အနောက်တောင် ထောင့်မှာ တက်သိမ်းအင်းပြင်၊ ထို့နောက် ဧရာဝတီမြစ်က အနောက်မှဆီးထား၏။ မြောက်မှာက နန္ဒာကန်တဲ့။ ဤသို့ဖြင့် ရေပတ်လည်ဝိုင်းသည်။ ရွှေမြို့တော်တွင်းသို့ လက်တံမြောင်း အသီးသီးနှင့် ရေသွင်း၏။ ကျုံးတော်ကြီးကလည်း ကြာမျိုးငါးမည်နှင့် ရေဖြည့်ထားသည်။ ရွှေတချောင်း ရေရှင်ရေသန့် မြောင်းကလည်း သွင်သွင်စီးသည်။
ရတနာနဒီမြစ်ကို တူးဖော်ပြီး မင်းခမ်းမင်းနားနှင့် ရေကင်းနရီသံ စီစီညံစေသည်။ ထိုထိုရေချောင်း၊ ရေမြောင်း၊ ရေကန်၊ ရေဆည်၊ ရေအင်းတို့၏ကလနားတွေမှာအရှေ့ရိုးမကြီးရှိသည်။ အလယ်ရိုးမမင်းဝံတောင်ရိုးကြီးရှိသည်။ အရှေ့ဘက် မိုင်၂ဝ အတွင်းပေါ့။ အနောက်ဘက် ၄ မိုင်၊ ၅ မိုင်အတွင်းပေါ့။ မြို့၏အရှေ့ဘက် ၄ မိုင်အကွာမှာ ရန်ကင်းတောင် တောင်ပူစာရှိသည်။ မြို့မြောက်ခြမ်းမှာ မန္တလေးတောင် တောင်ပူစာ ရှိသည်။ ထိုမှ မြောက်ဆီ မျှော်ကြည့်လျှင် သခင်မတောင်တော်ကို ခပ်ရေးရေး မြင်ရသေး၏။
အနောက်မြောက်ယွန်းပြန်တော့ ———————————- အနောက်မြောက်ဘက်ဆီသို့ လှမ်းမျှော်ကြည့်ပါဦး။ ငွေရောင်ရေရိပ် လက်ခနဲထသည့် ဧရာဝတီမြစ်၏ အထက်ဆီမှာ ထုထည်ကြီးမားသော မင်းကွန်းပုထိုးတော်ကြီးကို အညိုရင့်ရောင် စုတ်ချက်ကြမ်းကြီးပမာ မှုန်ပျပျ မြင်ရသည်။ ကပ်လျက် ဖြူဖြူအစက်က မြသိန်းတန်ဘုရားဖြစ်မှာပေါ့။ ဒီမြစ်ရိုးတလျှောက် အောက်ဖက် ဆက်ဆင်းလျှင် မင်းဝံတောင်ရိုးနှင့် စစ်ကိုင်းတောင်ရိုးက ဖြူဖြူဝါဝါနှင့် သပ္ပာယ်စွာသော စေတီပုထိုးတို့ကို ဖူးတွေ့ရပေမည်။ ထိုနေရာအောက်ခြေ မြစ်ရေကနည်းလို့ သောင်ပြင်ကျယ်က ပြန့်ပြောနေတာကိုလည်း ဂရုစိုက်ကြည့်လျှင် မြင်နိုင်ပါသေး၏။ စစ်ကိုင်းတောင်ရိုးနှင့် မြစ်တဘက်ကမ်း ရွှေကြက်ကျ ရွှေကြက်ယက်မှသည် စံရွေးဆိပ်ကမ်းမှ မြောက်ဆီ ဆက်ကြည့်တော့ အမရပူရ၏ သစ်ရိပ်ဝါးရိပ်အဆုံး မြို့ပြ၏ ကွန်ကရစ်တော အစမှာပင် ရွှေရောင်တဝင်းဝင်းနှင့် သပ္ပာယ်လှစွာသော မဟာမုနိရှင်ကို ကြည်ညိုစွာ ဖူးတွေ့နိုင်ပါသည်။
မန္တလေးမှာကျေးငှက်သာရကာနှင့်၊ကြာရိုးကြာစွယ်နှင့်၊ အင်းရေအင်းကန်နှင့်၊ တောနှင့်တောင်နှင့်၊ ပျိုးခင်း လယ်ကွင်းနှင့်သာမက မြို့တွင်းမြို့ပြင်တွင်လည်း ဖူးမြော်နိုင်သည့် ဘုရားပုထိုး စေတီကျောင်းကန်တို့ အသင့်ရှိနေသည်။ ထိုအခါ လူ့ဘဝ၏ဖြတ်သန်းမှုတွင် ပရိယေသနဝမ်းစာနှင့်အတူ ခံစားနားခို အားမွေးခြင်းအတွက် မန္တလေးက ရေကြည်ရာ မြက်နုရာဖြစ်ပုံကို သိသာစေခြင်း ဖြစ်သည်။
ကုသိုလ်တော် အနောက်မုခ်မှာ —————————– မန္တလေးတောင်တော်အခြေမှာလည်း လွမ်းစရာတွေ ရှိပါသေးသည်။ ကုသိုလ်တော်ဘုရားနှင့် မန်္တလေးတောင် ကြား ထနောင်းပင်ကြီးတွေ အောက်က ကားနီဘတ်စ်ကားဂိတ် ကိုတော့ လွမ်းဆွတ်လှပါ၏။ နာရီဝက်မှ တစ်စီးသာ ထွက်သော ဂိတ်ထိုးထားသည့် ကားနီကြီးတွေပေါ် ထိုင်စောင့်ရင်း ထနောင်းပင်ပေါ်က ချိုးကူသံကို အပျင်းပြေ နားထောင်နေရသည်။ ထိုမှ အပျင်းမပြေသေးလျှင် ထန်းလက်ကာ ထန်းလက်မိုး ဂိတ်တဲထဲက ကားဒရိုင်ဘာတွေ၊ စပယ်ယာတွေ ကစားနေသည့် ၁၂ ကောင်ကျားဝိုင်းကို ဝင်ငေးနိုင်သည်။ သို့မဟုတ် ပါဝင်ဆင်နွှဲနိုင်သည်။ ဂိတ်မှူးသည် ကင်းကြီးကို ထောင့်ဖြတ်ဗိုလ်ကြီးလမ်းလျှောက်လုပ်ရင်း ပါစင်ဂျာက သတိပေးပါလျှင် မျောတိုင်တွင် ချိတ်ထားသော ကြေးဝါခရာကြီးကို ဖြုတ်ကာ ရွှီခနဲ မှုတ်ပြီး ကားထွက်ဖို့ အချက်ပေး တတ်၏။
ထိုအခါမှ ထနောင်းပင်အောက် ဝါးပက်လက်ကုလားထိုင်မှာ အိပ်ပျော်နေသော စပယ်ယာသည် အိပ်ချင်မူးတူး ထကာ ကိုင်းမပါတော့သော ရေပုံးပိန်ရှုံ့ရှုံ့ဖြင့် အနားက ရေကန်လေးထဲမှာ ရေခပ်ပြီး ချက်ပလက် ခေါင်းတိုကား၏ ဘောနက်ဖုံးကိုဖွင့်ပြီး ရေတိုင်ကီထဲ ရေဖြည့်သည်။ ၁၂ကောင်ကျားဝိုင်းမှ ဒရိုင်ဘာက ကျားနိုင်သော ပိုက်ဆံ ကျပ်တန်နှစ်ရွက်ကို လိပ်ကာ နားကြားထိုးရင်း ဒရိုင်ဘာခုံမှာထိုင်ပြီး လီဗာပေါ် ခြေတင်သည်။ စပယ်ယာက ဂေါက်တံကို လေးငါးခြောက်ခါ အားကြိုးမာန်တက် လှည့်လိုက်မှ စက်သံ တဂီးဂီး မြည်လာ၏။ ဤသို့ဖြင့် ထနောင်းရိပ်မှ ခွာကာ ကားနီကြီးသည် အရှေ့ကျုံးလမ်းအတိုင်း ဈေးချိုဆီ ဦးတည်တော့သည်။ သို့သော် ဘီးမှာ အပတ် ၂၀ ပြည့်အောင် မလှိမ့်ရသေး ဘိုးဘိုးကြီးနန်းအဆင်း စောင်းတန်းမှာ တမေ့တမောရပ်ပြီး ““ဈေးချို ဈေးချို”” ဟု အော်ကာ လူစောင့်ပေလိမ့်ဦးမည်။ ကိစ်္စမရှိ။ အားလုံးဖုတ်ပူမီးတိုက်မရှိ။ အေးအေး ဆေးဆေး။
အစဉ်အလာနှင့် မန္တလေး ————————— တကယ်တော့ မန်္တလေးဆိုတာ မြန်မာအများစု နေထိုင်ရာမြို့ ဖြစ်သည်။ နောက်ဆုံး မင်းနေပြည်တော် ဖြစ်ခဲ့ဖူးသော မြို့ဖြစ်သည်။ မြန်မာ့စရိုက်၊ မြန်မာ့အနုပညာ၊ မြန်မာ့ယဉ်ကျေးမှု သာမက မြန်မာ့နိုင်ငံရေး သမိုင်း ဖြတ်ပိုင်း အတော်များများ၏ ပုံရိပ်တွေ ထင်ဟပ်နေသည့် မြို့ဖြစ်သည်။ မန်္တလေး၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတွေကို မန်္တလေးမှာရှိခဲ့သည့် ရုပ်ဝတ်္ထု အဆောက်အအုံကြီးများက တဆင့်လည်း သတိရကြ၊ အမှတ်ရကြသည်။ မန်္တလေး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများက မြန်မာ့နိုင်ငံရေး၊ လူမှုရေးပုံရိပများပဲ ဖြစ်သည်။ ပြီးတော့ မန်္တလေးဟာ မြန်မာ့စရိုက် အပြည့်ရှိခဲ့တဲ့မြို့မို့ လူမှုဆက်ဆံရေးက မြန်မာ့လူမှုဆက်ဆံရေး။ တောင်ပြင် မြောက်ပြင် အရှေ့ပြင် အနောက်ပြင် ထားဝယ်ဓမ်္မာရုံဘုရားပွဲမှာ ပွဲကြည့်သွားပြီး ညဉ့်နက်လို့ အိမ်မပြန်ရဲစရာ မရှိ။ ထားဝယ်ရပ်ထဲမှာ မိတ်ဆွေတွေရဲ့ အိမ်ရှိပြီးသား။ ဒီလိုပါပဲ နန်းရှေ့သားကလည်း ပိုက်ကျုံးမှာစားအိမ် သောက်အိမ်တွေ ရှိနေတတ်သည်။
ဒီရှုခင်း၊ ဒီမြင်ကွင်း၊ ဒီရေမြေ၊ ဒီဝန်းကျင်တွေ သာမက ဒီစရိုက်လက်္ခဏာ၊ ဒီစိတ်ဓာတ်၊ ဒီသဘောသဘာ၀ တွေကို လွမ်းဆွတ်သည် ဆိုတာကလည်း လူသားတစ်ဦးတစ် ယောက်အနေနဲ့ လူသားပီသစွာ၊ လူသားဆန်သည့် မြင့်မြတ် စိတ်ထားကို တန်ဖိုးထား ဂုဏ်ယူ ထွေးပိုက်ချင်တဲ့ သဘောဖြစ်သည်။
သူတို့ချစ်သည့် မန္တလေး —————————
ပြည်ရွှေတောင် ဝါးလည်ရွာသား ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း ဒီစိတ်ဓာတ်နှင့် မန်္တလေးကို ချစ်ခဲ့ လွမ်းခဲ့သည်။ မုံရွာသား လယ်တီပဏ္ဍိတဦးမောင်ကြီးလည်း ဒီစိတ်ဓာတ်နှင့် မန်္တလေးကို ချစ်ခဲ့ လွမ်းခဲ့သည်။ ဖျာပုံသား ဆရာဇော်ဂျီလည်း ဒီစိတ်ဓာတ်နှင့် မန်္တလေးကို ချစ်ခဲ့လွမ်းခဲ့သည်။ ကွမ်းခြံကုန်းသား ဆရာမင်းသုဝဏ်လည်း ဒီစိတ်ဓာတ်နှင့် မန်္တလေးကို ချစ်ခဲ့လွမ်းခဲ့၏။ ဇီးကုန်းသား ဆရာဇေယျလည်း ဒီစိတ်ဓာတ်နှင့် မန်္တလေးကို ချစ်ခဲ့လွမ်းခဲ့ပြန်သည်။
စစ်ကိုင်းသား မဟာဆွေ၊ မုံရွာသား ဆရာညိုမြ၊ ပြည်သား ဇဝန၊ ရခိုင်ပြည်နယ် သံတွဲသား ပါမောက်္ခ ဦးကျော်ရင်၊ ဟင်္သာတ ကျုံတဒူးသားဦးဆန်းထွန်း၊ ညောင်လေးပင် ပုစွန်မြောင်းသား ကြီးပွားရေးဦးလှ၊ ရေကြည်သား ဒေါက်တာသန်းထွန်း၊ ပခုက်္ကူ မြိုင်သား မြသန်းတင့်တို့လည်း ဒီစိတ်ဓာတ်နဲ့ မန်္တလေးကို ချစ်ခဲ့လွမ်းခဲ့တာပါ။ ဒီလိုနှင့် ရန်ကုန်သား၊ မော်လမြိုင်သား၊ မြင်းခြံသား၊ စစ်ကိုင်းသား၊ မုံရွာသား၊ တောင်ကြီးသား၊ မြစ်ကြီးနားသား၊ တံတားဦး အင်းဝသားတွေလည်း ဒီစိတ်ဓာတ်နှင့် မန်္တလေးကို ချစ်ခဲ့လွမ်းခဲ့ ကြသည် မဟုတ်လား …။ မန်္တလေးမှာ မွေးဖွား …၊ မန်္တလေးစိတ်ဓာတ်ကို အပြည့်အ၀ သဘောပေါက်၊ လက်ဆင့်ကမ်းယူခဲ့ကြတဲ့ … စာရေးဆရာ၊ ဆရာမကြီးများ၊ အနုပညာရှင်ကြီးများဆိုရင် …. အထူးပြောစရာမရှိတော့။
မန္တလေးတဲ့လား.. ———————–
နန်းတော်ရှေ့ ဆရာတင် ရေးသလိုပါပဲ။
“ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရေတပြင်တည်း … ရှေးကတော့ ပိုချစ်ကြတယ် …” ဆိုတာမျိုး ….။ ဟုတ်ပါတယ်။ အင်မတန် မြန်မာဆန်သော၊ မြန်မာဆန်မှု၏ အညွန့်အဖူး၊ အထွတ်အထိပ် ထီးနန်းဆန်သော၊ ရုပ်ဝတ်္ထု အလှသာမက စိတ်ရင်းစိတ်ဓာတ် အလှအပတို့ စုစည်းရာဖြစ်ခဲ့သော မန်္တလေးကိုရှေးပညာရှိ မြန်မာကြီးများ ကိုယ်နှိုက်က တမြတ်တနိုးချစ်ခဲ့ကြတာပါ။
“မန်္တလေးဆိုရွှေမြို့၊ တို့ရတနာပုံနေပြည် … တင့်တယ်သာယာစည်ကားဟိုတုန်းအခါကလေ …. အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာစီမံကြံစို့လေ …” လို့
တေးရေးဆရာ အေဝမ်းဆရာညှာ တိုက်တွန်းခဲ့သလို၊ ဒုတိယကမ်္ဘာ စစ်ကြီးကြောင့် ပြာပုံအတိ ပြားပြားဝပ် ပျက်စီးခဲ့တဲ့ “မန်္တလေး”ကို နဂိုမူလ မန်္တလေးမူ၊ မန်္တလေးဟန်၊ မန်္တလေးသနေ်္ဓ မပျောက်သော၊ “နဖူးကချွေး ခြေမကျမျှ” ရွှေမြို့တော်သူရွှေမြို့တော်သား အားလုံးက စွမ်းစွမ်းတမံ ပြန်လည်တည်ဆောက် ခိုင်မာစေခဲ့တဲ့ စိတ်ဓာတ် အားမာန်များနဲ့ မန်္တလေးကိုချစ်ခင်ကြဆဲပါ။ ဂုဏ်ယူတသ လွပ်းဆွတ်ကြဆဲပါ။
ထို့ကြောင့်
ပြုံးရယ်တဲ့ မန်္တလေးလား … ဖုံးကွယ်တဲ့ မန်္တလေးလား … ရှေ့ရောက်တဲ့ မန်္တလေးလား … မေ့ပျောက်တဲ့ မန်္တလေးလား … အကြံအောင်တဲ့ မန်္တလေးလား … ဟန်ဆောင်တဲ့ မန်္တလေးလား … ချစ်ခင်တဲ့ မန်္တလေးလား … ညစ်ချင်တဲ့ မန်္တလေးလား … ရတနာရတဲ့ မန်္တလေးလား … ခဝါချတဲ့ မန်္တလေးလား … ရွှေထီးဆောင်းတဲ့ မန်္တလေးလား … မြေကြီးအောင်းတဲ့ မန်္တလေးလား … အသေရေတက်တဲ့ မန်္တလေးလား … အခြေပျက်တဲ့ မန်္တလေးလား … အညွန့်ဖြာတဲ့ မန်္တလေးလား … စွန့်ခွာတဲ့ မန်္တလေးလား … တွန်သံသာတဲ့ မန်္တလေးလား … မလွန်ဆန်ရှာတဲ့ မန်္တလေးလား … တရားသိတဲ့ မန်္တလေးလား … အမှားအပြည့်နဲ့ မန်္တလေးလား … ကျက်သရေရှိတဲ့ မန်္တလေးလား … ရတက်ပွေမိတဲ့ မန်္တလေးလား …၊
လား …. လား … လား …
ဒီ “လား” ပေါင်းများစွာရဲ့ အဖြေကိုရှာရင်း မန္တလေးကို ချစ်ကြရသည်။ မန္တလေးကို လွမ်းကြရသည်။ ထိုလွမ်းကြသူတွေထဲမှာ မဖြစ်စလောက် အညတရ ဆူးငှက် ဟူသော ကျွန်တော်လည်း ပါသည်။
ကျောခင်းစရာ တနေရာ ———————– သို့သော် သည်လွမ်းစရာ မန္တလေးမှာ ကျောတခင်းစာ နေရာတနေရာပင် မရနိုင်တော့သည့် အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်က ပြန်လှန်တွေးလိုက်တော့ အလွန် ထိပ်လန့်ဖွယ် ဝမ်းနည်းဖွယ် ကောင်းလှသည်။ ထိုစဉ်ကာလများက မနက်မိုးလင်းမှ မိုးချုပ်သာမက အိပ်ရာထဲမှာပင် ဘယ်ညာလူးလွန့်ရင်း အိပ်မပျော်သော ညပေါင်းများစွာကို ဖြတ်သန်းကာ ဘယ်မှာနေရမလဲ၊ ငါ့အိမ်လေး ဆိုတာ ဘယ်မှာ တည်ရှိနိုင်မလဲဆိုတာ အဖြေမရှိသည့် မေးခွန်းပေါင်းများစွာနှင့် ရစ်ပတ်နှောင်ဖွဲ့ သပွတ်အူလိုက်ခဲ့သည်။
စိတ်ကူးထဲက “ငါ့တို့အိမ်” ဆိုတာ မန္တလေးနှင့် အနီးဆုံး ပုသိမ်ကြီးမှာလား၊ အမရပူရမှာလား၊ အစ်မတွေရှိသည့် မုံရွာလား၊ တမာပင်တွေ အုံ့ဆိုင်းနေသည့် ဘုတလင်မှာလား၊ စာပေဟောပြောပွဲသွားရင်း သဘောကျခဲ့သည့် ရေလျှံတွင်းများနှင့် ယင်းမာပင်မြို့လေးလား။ ဒါမှမဟုတ် ဟံမြင့်မိုရ် ရွာငံလမ်းပေါ်က ရှမ်းရွာလေးလား၊ စိတ်ကူးနှင့် နေထိုင် အခြေချရမည့် နေရာတွေက ရွေးရခက်လှချည့်။
ငါတို့အိမ် ———– ဤသို့သောအခြအနေဆိုက မနည်းရုန်းကန်ခဲ့ရသည်။ ကောက်ရိုးလေး တမျှင်လို အားကိုးတကြီး ဆွဲကြည့် ပြန်တော့ “ အဆင်မပြေပါဘူးငါ့တူ၊ ဒါပဲနော်” ဟု ဂွတ်ခနဲ ဖုန်းချပစ်သည့် 929 စီး ဒေဝဒဟမျိုးလည်း ကြုံရသည်။ ထိုဒေဝဒဟမျိုးများကပင် “ဒီလို အစွန်အဖျား လူသူမရောက်နေရာမှ ငါ့တူမကို ထားရက်လေခြင်း” ဟူသော မျက်စောင်းများလည်း ကြုံရသည်။ သို့သော် မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးဆိုသလို ထိုအခက်အခဲ အကျပ်အတည်းများကြားမှာ ကူညီခဲ့ကြသူတွေက ခင်ရာဆွေမျိုးများ ဖြစ်ကြောင်း သိခဲ့ရသည်။
သည်လိုနှင့် ၂၀၁၀ခုနှစ်အလွန်များမှာ ငရဲတွင်းကလွတ်စပြုပြီး ကျွန်တော် ရှေ့က အပိုင်းတွေမှာ တင်ပြခဲ့သလို ၂၀၁၈ ဧပြီလ ၅ရက်နေ့တွင် ကျွန်တော့်လယ်တောအိမ်လေး တည်ရှိရာ မြေလေးကို တရားဝင် နေထိုင်ခွင့် ဂရန်ရရှိဖို့ အခွန်ငွေနှင့် စာရွက်စာတမ်းများတင်ပြ လျှောက်ထားမှု ပြီးစီးအောင်မြင်ခဲ့ပါ၏။ ထိုနေ့က ကျွန်တော့်ကို အစစ အဆင်ပြေအောင် ကူညီခဲ့သည့် သက်ဆိုင်ရာမြေယာ ဌာန တာဝန်ရှိသူက “ဆရာဆူးရေ ဂရန်က ရတုန်းလုပ်ထားစေချင်လို့ အမြန်ခေါ်လိုက်ရတာ၊ အစိုးရကိစ္စဆိုတာ အပြောင်းအလဲက အများသားဗျနော်၊ ကိုင်း ကျွန်တော်တို့ ဂရန်စာအုပ်ရရချင်း ဆရာဆူးဆီ ဖုန်းဆက်လိုက်ပါ့မယ်” ဟု ပြောကြားမှုက မွေးကတည်းက “သူတို့အိမ်” တွေမှာချည်း မျက်နှာငယ်ငယ်နှင့် နေခဲ့ရသော ကျွန်တော့်အဖို့ သည်တခါ “ငါတို့အိမ်” ဟု ပြောနိုင်ဖို့ ခရီရောက်ချေပြီဟု သက်ပြင်းချနိုင်ခဲ့ပါ၏။ သူတို့ ဖုန်းဆက် အကြောင်းကြားမှာကိုပဲ စောင့်ရတော့မည်။
ဆူးငှက်