Myanmar Digital News

တရုတ်-မွန်ဂိုးလီးယား-ရုရှား နိုင်ငံတကာခရီးသည်တင်ရထား အူလန်ဘာတာဘူတာရုံသို့ ဆိုက်ရောက်

နိုဝင်ဘာ ၂၇

ပေကျင်းမြို့မှ ရုရှားနိုင်ငံ အီရကွတ်စ်မြို့သို့ ပြေးဆွဲသည့် တရုတ်-မွန်ဂိုးလီးယား-ရုရှား နိုင်ငံတကာခရီးသည်တင်ရထား (V3/4) သည် နိုဝင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မွန်ဂိုးလီးယားနိုင်ငံ မြို့တော် အူလန်ဘာတာ (Ulan Bator) ရှိ မီးရထားဘူတာသို့ ဆိုက်ရောက်လာခဲ့သည်။

အဆိုပါရထားခရီးစဉ်သည် တရုတ်၊ မွန်ဂိုးလီးယားနှင့် ရုရှားနိုင်ငံတို့အကြား နိုင်ငံတကာ ခရီးသွားလာရေးနှင့် ရထားပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်သည်ဟု သိရသည်။

ထိုခရီးသည်တင်ရထားဝန်ဆောင်မှုသည် တရုတ်၊ မွန်ဂိုးလီးယားနှင့် ရုရှားနိုင်ငံ စသည့်သုံးနိုင်ငံကို ဖြတ်သန်းပြေးဆွဲခြင်းဖြစ်ပြီး စုစုပေါင်း ခရီးအကွာအဝေးမှာ ၂၆၆၆ ကီလိုမီတာ ရှိကာ ခရီးစဉ် တစ်ခုလုံးအတွက် ခန့်မှန်းခြေ ၅၅ နာရီ ကြာမြင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ခရီးစဉ်တစ်လျှောက်သတ်မှတ်ထားသော တရုတ်နိုင်ငံရှိ အဲရန်ဟော့၊ မွန်ဂိုးလီးယားနိုင်ငံရှိ ဇာမင်-ဦဒ်နှင့် ဆူခဘာတာ၊ ရုရှားနိုင်ငံရှိ နော်ရှ်ကီနယ်စပ်ဖြတ်ကျော်စခန်းများတွင် နယ်စပ်စစ်ဆေးရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။

၎င်းနိုင်ငံဖြတ်ကျော်ရထားဝန်ဆောင်မှုကို အပတ်စဉ်ပုံမှန်အသွားအပြန် ခရီးစဉ်အဖြစ် ပြေးဆွဲလျက်ရှိသည်။ ပေကျင်းမြို့မှ ရုရှားနိုင်ငံ အီရကွတ်စ်မြို့သို့ ပြေးဆွဲသည့် V3 ရထားသည် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၇ နာရီ ၂၇ မိနစ်တွင် ပေကျင်းမီးရထားဘူတာမှ စတင်ထွက်ခွာပြီး အပြန်ခရီးစဉ်ဖြစ်သည့် V4 ရထားသည် ရုရှားနိုင်ငံ အီရကွတ်စ်မီးရထားဘူတာမှ ပေကျင်းမြို့သို့ အပတ်စဉ် စနေနေ့တိုင်း နံနက် ၆ နာရီ ၅၈ မိနစ်တွင် စတင်ထွက်ခွာမည်ဟု သိရသည်။

နိုင်ငံတကာခရီးသည်တင်ရထားဝန်ဆောင်မှု စတင်ပြေးဆွဲခြင်းသည် တရုတ်၊ မွန်ဂိုးလီးယားနှင့် ရုရှားနိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာစေရန်နှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ယဉ်ကျေးမှုဖလှယ်မှုများ ပိုမိုတိုးတက်လာစေရန်နှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေးကို ပိုမိုလွယ်ကူအဆင်ပြေစေရန် အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News