Yangon Media Group

အင်္ဂါဂြိုဟ်က သက်မဲ့ဂြိုဟ်တစ်ခုမဟုတ်ကြောင်းလေ့လာတွေ့ရှိ

#World_News
Published 29 November 2026

■ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်က  Science Advances ဂျာနယ်မှာ  ထုတ်ဝေခဲ့တဲ့ သုတေသနအသစ်တစ်ခုအရ အင်္ဂါဂြိုဟ်ဟာ ဘူမိဗေဒဆိုင်ရာ လှုပ်ရှားမှုတွေ လုံးဝရပ်တန့်သွားတဲ့ ဂြိုဟ်တစ်ခု မဟုတ်နိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။

■ ဥရောပအာကာသအေဂျင်စီ (ESA) ရဲ့ ExoMars Trace Gas Orbiter အာကာသယာဉ်က အင်္ဂါဂြိုဟ်ပေါ်ရှိ Alba Mons မီးတောင်အနီးမှာ Hydrogen Chloride ဓာတ်ငွေ့ပါဝင်မှု ပုံမှန်မဟုတ်ဘဲ ရာသီအလိုက် မြင့်တက်လာတာကို တွေ့ရှိခဲ့ပါတယ်။

■ အဲဒီဓာတ်ငွေ့တွေ တွေ့ရှိခဲ့တဲ့ နေရာတွေနဲ့ တိုက်ဆိုင်နေတဲ့ မီးတောင်အနီးတစ်ဝိုက်မှာလည်း CaSSIS ကင်မရာကနေတစ်ဆင့် အသစ်ဖြစ်ပေါ်လာပုံရတဲ့ မြေပြင်အက်ကြောင်းတွေကို တွေ့ရှိခဲ့ပါတယ်။

■ ဒီတွေ့ရှိချက်တွေဟာ အင်္ဂါဂြိုဟ်ရဲ့ မြေအောက်မှာရှိတဲ့ မီးတောင်ချော်ရည်အခန်းတွေကနေ ဓာတ်ငွေ့တွေ ထွက်ပေါ်နေတာဖြစ်နိုင်ကြောင်း ညွှန်ပြနေပါတယ်။

■ ဒါဟာ အင်္ဂါဂြိုဟ်အတွင်းပိုင်းမှာ အပူစွမ်းအင်တွေ ကျန်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြနေတဲ့ အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။

■ အင်္ဂါဂြိုဟ်အတွင်း မီးတောင်လှုပ်ရှားမှုတွေရှိနေဆဲလား
နိုင်ငံတကာ သုတေသနအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့တဲ့ Alexander Trokhimovskiy နဲ့အဖွဲ့ဟာ အင်္ဂါဂြိုဟ်ရဲ့ အဓိကမီးတောင်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ Alba Mons မီးတောင်ရဲ့ တောင်စောင်းတစ်ဝိုက်မှာ Hydrogen Chloride ဓာတ်ငွေ့ ပုံမှန်မဟုတ်တဲ့ ပမာဏနဲ့ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

■ Hydrogen Chloride ဓာတ်ငွေ့ကို အင်္ဂါဂြိုဟ်လေထုထဲမှာ ၂၀၂၁ ခုနှစ်ကတည်းက Trace Gas Orbiter အာကာသယာဉ်က ပထမဆုံးရှာဖွေတွေ့ရှိခဲ့တာပါ။

■ ကမ္ဘာပေါ်မှာတော့ ဒီဓာတ်ငွေ့ဟာ မီးတောင်အပေါက်တွေကနေ ထွက်ပေါ်လေ့ရှိတဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂါဂြိုဟ်ပေါ်မှာလည်း အလားတူ မီးတောင်လှုပ်ရှားမှုတွေကြောင့် ထွက်ပေါ်လာတာ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆလာကြပါတယ်။

■ သုတေသီတွေဟာ အဲဒီဓာတ်ငွေ့ပါဝင်မှုကို လေ့လာကြည့်ရာမှာ ပုံမှန်အားဖြင့် ရာသီအလိုက် ပြောင်းလဲမှုတွေ ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။

■ အထူးသဖြင့် အင်္ဂါဂြိုဟ်ရဲ့ မြောက်ဘက်ခြမ်းမှာ ဆောင်းရာသီရောက်ချိန် ဓာတ်ငွေ့ပါဝင်မှု အမြင့်ဆုံးဖြစ်လာပြီး နွေရာသီရောက်တဲ့အခါမှာတော့ အများအားဖြင့် ပြန်လည်လျော့နည်းသွားပါတယ်။

■ ဒါပေမဲ့ ထူးခြားတာတစ်ခုကတော့ နွေရာသီအစောပိုင်းကာလတွေမှာ Alba Mons မီးတောင်အနီးရှိ မြေပြင်အက်ကြောင်းတွေပေါ်မှာ အဲဒီဓာတ်ငွေ့တွေ ထပ်မံမြင့်တက်လာတာကို ထပ်ခါတလဲလဲ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

■ မီးတောင်အနီးမှာ မြေပြင်အက်ကြောင်းအသစ်တွေ တွေ့ရှိ
သုတေသနအဖွဲ့ဟာ အဲဒီဒေသကို ပိုမိုအသေးစိတ် လေ့လာနိုင်ဖို့ Trace Gas Orbiter ရဲ့ Colour and Stereo Surface Imaging System (CaSSIS) ကင်မရာမှ ရရှိတဲ့ ဓာတ်ပုံတွေကို စစ်ဆေးခဲ့ပါတယ်။

■ အဲဒီဓာတ်ပုံတွေမှာ မြေပြင်ပေါ်က အက်ကြောင်းကျဉ်းကျဉ်းတွေကို တွေ့ရှိခဲ့ပြီး အချို့အက်ကြောင်းတွေဟာ မီတာရာနဲ့ချီ ရှည်လျားပါတယ်။ အက်ကြောင်းတွေအနီးမှာလည်း မြေမျက်နှာပြင်အရောင် ပြောင်းလဲမှုတွေကို တွေ့ရှိခဲ့ရပါတယ်။

■ သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်အရ အဲဒီအက်ကြောင်းတွေဟာ မြေအောက်မှာရှိတဲ့ ငြိမ်သက်နေတဲ့ မီးတောင်ကျောက်ရည်အခန်းကနေ ဓာတ်ငွေ့တွေ အပြင်ကို ထွက်လာနိုင်တဲ့ လမ်းကြောင်းတွေ ဖြစ်နိုင်ပါတယ်။

■ အင်္ဂါဂြိုဟ်မှာ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကို အတည်ပြုနိုင်ပြီလား
အင်္ဂါဂြိုဟ်မှာ နေရောင်ခြည်စနစ်အတွင်း အကြီးမားဆုံး မီးတောင်တွေ တည်ရှိနေပါတယ်။

■ အာကာသယာဉ်တွေက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ အဲဒီမီးတောင်အချို့ဟာ လွန်ခဲ့တဲ့ နှစ်သန်းအနည်းငယ်အတွင်း လှုပ်ရှားမှုရှိခဲ့နိုင်ကြောင်း သိပ္ပံပညာရှင်တွေက အရင်ကတည်းက ခန့်မှန်းထားကြပါတယ်။

■ ဒါ့အပြင် အင်္ဂါဂြိုဟ်ပေါ်မှာ Marsquake လို့ခေါ်တဲ့ ငလျင်လှုပ်ခတ်မှုတွေကိုလည်း တိုင်းတာတွေ့ရှိထားပါတယ်။

■ ဒါပေမဲ့ လက်ရှိအချိန်အထိ အင်္ဂါဂြိုဟ်ပေါ်မှာ မီးတောင်အသစ်တစ်ခု ပေါက်ကွဲတာ ဒါမှမဟုတ် ချော်ရည်တွေ စီးဆင်းတာကိုတော့ သိပ္ပံပညာရှင်တွေက တိုက်ရိုက်မြင်တွေ့အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

■ ဒါကြောင့် အခုတွေ့ရှိချက်ဟာ အင်္ဂါဂြိုဟ်မှာ လက်ရှိမီးတောင်ပေါက်ကွဲမှု ဖြစ်ပွားနေပြီဆိုတာကို အတည်ပြုလိုက်တာ မဟုတ်ဘဲ မြေအောက်ဘူမိဗေဒဆိုင်ရာ လှုပ်ရှားမှုတွေ ရှိနေနိုင်ကြောင်း အထောက်အထားသစ်တစ်ခုအဖြစ် ရှုမြင်ရမှာ ဖြစ်ပါတယ်။

■ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေရှိနိုင်ခြေကိုလည်း ရှာဖွေနိုင်မလား
ဒီတွေ့ရှိချက်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိခဲ့ဖူးသလား၊ လက်ရှိမှာရော ရှိနေနိုင်သေးသလားဆိုတဲ့ သုတေသနတွေအတွက်လည်း အရေးပါလာပါတယ်။

■ တကယ်လို့ မြေအောက်ကနေ တက်လာတဲ့ မီးတောင်ကျောက်ရည်တွေဟာ မြေအောက်ရေနဲ့ ထိတွေ့ဓာတ်ပြုမှု ဖြစ်ပွားခဲ့မယ်ဆိုရင် အပူဓာတ်ရှိတဲ့ Hydrothermal Environment လို့ခေါ်တဲ့ ရေနွေးငွေ့နဲ့ အပူစွမ်းအင်ဆိုင်ရာ ပတ်ဝန်းကျင်တွေဖြစ်ပေါ်လာနိုင်ပါတယ်။

■ အဲဒီလို ပတ်ဝန်းကျင်မျိုးဟာ အဏုဇီဝသက်ရှိ တွေ ရှင်သန်နိုင်ဖို့ သင့်တော်တဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင်ပါတယ်။

■ အထူးသဖြင့် အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ ပြင်းထန်တဲ့ အပူချိန်ပြောင်းလဲမှုနဲ့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကနေ ကာကွယ်ပေးနိုင်တဲ့ မြေအောက်နေရာတွေမှာ အဏုဇီဝသက်ရှိတွေ ရှင်သန်နိုင်ခြေရှိတယ်လို့ သိပ္ပံပညာရှင်တွေကယူဆထားပါတယ်။

■ ဒါကြောင့် Alba Mons မီးတောင်အနီးက မြေပြင်အက်ကြောင်းတွေဟာ အတိတ်ကာလ ဒါမှမဟုတ် လက်ရှိအချိန်မှာ အဏုဇီဝသက်ရှိတွေ ရှိခဲ့၊ ရှိနေသလားဆိုတာကို ရှာဖွေစူးစမ်းဖို့ အလားအလာကောင်းတဲ့ နေရာတွေ ဖြစ်လာနိုင်ပါတယ်။

■ အခုသုတေသနတွေ့ရှိချက်ဟာ အင်္ဂါဂြိုဟ်ကို ဘူမိဗေဒဆိုင်ရာ လှုပ်ရှားမှုမရှိတော့တဲ့ သက်မဲ့ဂြိုဟ်တစ်ခုအဖြစ် ရှုမြင်ထားတဲ့ အယူအဆကို ပြန်လည်သုံးသပ်ဖို့ အကြောင်းပြချက်သစ်တစ်ခု ဖြစ်လာပါတယ်။

■ မြေအောက်မှာ အပူစွမ်းအင်တွေ ကျန်ရှိနေနိုင်ခြင်း၊ မီးတောင်အနီးက အက်ကြောင်းတွေကနေ ဓာတ်ငွေ့တွေ ထွက်ပေါ်လာနိုင်ခြင်းနဲ့ မြေအောက်မှာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ ပတ်ဝန်းကျင်မျိုး ရှိနေနိုင်ခြင်းတို့ဟာ အနာဂတ် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးတွေအတွက် အရေးပါတဲ့ သဲလွန်စတွေ ဖြစ်လာပါတယ်။

Source-India Today

မူရင်းသတင်း — Yangon Media Group