NP News

ရတနာပုံမြို့သစ်နှင့် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီးများ၌ ရေလိုအပ်ချက်များအတွက် အကောင်အထည်ဖော်လျက်ရှိ

စော (NP News) - နိုဝင်ဘာ ၂၉

ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းရေရရှိ‌ရေးနှင့် ပြင်ဦးလွင်မြို့၏ အနာဂတ်ရေလိုအပ်ချက်အတွက် ရည်ရွယ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီး ဆင်လမ်း (၂) ရေလှောင် တမံစီမံကိန်း တည်ဆောက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
ဆင်လမ်း ရေလှောင်တမံမှ ပိုလျှံရေများကို ထိန်းသိမ်းသိုလှောင်ပြီး ယင်းသာမရေလွှဲဆည်မှတစ်ဆင့် ရတနာပုံမြို့ သစ်အတွက် နေ့စဉ်ရေဂါလန် (၁၀) သိန်း ရေကူဖြည့်တင်းပေးနိုင်ရန်နှင့် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီးများအတွက် အနာဂတ်ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အပြင် ရေဆင်းဧရိယာမှ ရေများနှင့် ဆင်လမ်းရေလှောင်တမံမှ ပိုလျှံရေကို ထိန်းညှိသိုလှောင်ကာ ဆင်လမ်းချောင်းဘေး ဝဲ၊ ယာရှိ စိုက်ပျိုးမြေများအတွက် စိုက်ပျိုးရေ ပေး‌ဝေသွား နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေလှောင်တမံစီမံကိန်း ပင်မတမံဖို့ မြေလွှာတည်ဆောက်နေမှု၊ ရေပိုလွှဲ (Spillway) နှင့် ရေထုတ်ပြွန် (Conduit) တည်ဆောက်နေမှု၊ ယာယီရေတားတမံမှ ပိုလျှံရေများကို ရေထုတ်ပြွန်မှတစ်ဆင့် ရေလွှဲခြင်း ဆောင်ရွက်ထားရှိမှုကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ယခုရက်ပိုင်းအတွင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစဉ် တည်ဆောက်ရေးလုပ်ငန်းများကို အတည်ပြုဒီဇိုင်းနှင့် သတ်မှတ်နည်းပညာ စံချိန်စံညွှန်းများ အတိုင်း တိကျပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တမံကြံ့ခိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အရည်အသွေးထိန်းသိမ်းရေး (Quality Control) လုပ်ငန်းစဉ်များကို မျက်ခြည်မပြတ် စစ်ဆေးကြပ်မတ်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ကြီးကြပ်သူများအနေဖြင့် သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ အမြဲမပြတ် စစ်ဆေးကြပ်မတ်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြင်ဦးလွင်မြို့ ဆင်လမ်းရေလှောင်တမံ၊ စည်သာရေကူရေလှောင်တမံ၊ စည်သာရေလှောင်တမံနှင့် ဒိုးကွင် ရေလှောင် တမံများ ရေသိုလှောင်ထားရှိမှုနှင့် ကြံ့ခိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြင်ဦးလွင်မြို့ နေပြည်သူများ၊ သင်တန်းကျောင်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်း များအား သောက်သုံးရေ ဖူလုံစွာဖြန့်ဝေပေးနိုင်ရေး၊ ရေဖိုးရေခအပြည့် အဝကောက်ခံရရှိရေး၊ ရေလှောင်တမံများ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့အတွက် ရေပိုလွှဲရေတံခါးများ အချိန်မရွေး ကောင်းမွန်စွာအသုံးပြုနိုင်စေရန်၊ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု မရှိစေရန်အတွက် ရေတံခါး ဖွင့်၊ ပိတ် လုပ်ငန်းများကို Rule and Regulation အတိုင်း ကြိုတင်စီမံ၍ စစ်ဆေးဆောင်ရွက်သွားရန်လည်း ဒုတိယဝန်ကြီးကပြောကြားခဲ့သည်။
ထို့ပြင် တမံများသည် ကန်ရေပြည့်အမှတ်ထက် ပိုမိုသိုလှောင်ထားသည့်အတွက် တမံကိုယ်ထည်နှင့် ရေပိုလွှဲများ ကြံ့ခိုင်မှုကောင်းမွန်စေရန် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အလေးထားစီမံဆောင်ရွက်သွားကြရန်၊ သောက်သုံးရေအဖြစ် အသုံးပြုမည့် ရေအရင်းအမြစ်များ သန့်ရှင်းကောင်းမွန်စေရေး ဂရုပြုထိန်းသိမ်းသွားကြရန်နှင့် တမံ၊ ရေပိုလွှဲနှင့် ဆက်စပ်ရေအား အဆောက်အအုံများ၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးကို ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News