သတိုး
၂၉. ၁၁. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် တို့သည် ဗီယက်နမ်နိုင်ငံ၊ မြို့တော်ဟနွိုင်းတွင် ယနေ့နံနက်ပိုင်းက တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။ေ
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နယ်စပ်ဒေသများ၌ တရားမဝင်သတ္တုတူးဖော်မှုများ တားဆီးရေး၊ မြစ်ချောင်းများ၏ ရေအရည်အသွေး ပူးပေါင်းစစ်ဆေးရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှု လျှော့ချရေးနှင့် စိုက်ပျိုးရေးထွက်ပစ္စည်းများမှ ဇီဝလောင်စာထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှု၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုတို့ကို ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေးနှင့် ဒေသဆိုင်ရာနယ်စပ်ကော်မတီ (RBC) အစည်းအဝေးများ ကျင်းပ၍ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုနှင့် ၂၀၂၇ ခုနှစ် ပထမလေးလပတ်အတွင်း ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ခဲ့မှုများ၊ မြန်မာ-အာဆီယံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။