NP News

ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် အခွန်အငြင်းပွားမှုကိုဖြေရှင်းရန် အိန္ဒိယက အမေရိကန်ကို တိုက်တွန်း

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၉

အိန္ဒိယကုန်စည်များအပေါ် စည်းကြပ်ခွန်ကို (၁၇) ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် အမေရိကန်အစိုးရက
အဆိုပြုခဲ့ပြီးနောက် ကုန်သွယ်ရေးဆိုင်ရာစိုးရိမ်ပူပန်မှုများကို အမေရိကန်နှင့်လက်ရှိပြုလုပ်နေသော ဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းသင့်ကြောင်း အိန္ဒိယအစိုးရက တိုက်တွန်းပြောဆိုလိုက်သည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက "အိန္ဒိယနဲ့ အမေရိကန်တို့ဟာ နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်တစ်ခုအတွက် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
သဘောတူညီချက်တစ်ခု "အမြန်ဆုံး အပြီးသတ်နိုင်ရေး" အတွက် လုပ်ဆောင်နေတယ်။ ကုန်သွယ်ရေးနဲ့ သက်ဆိုင်တဲ့ ဘယ်လိုစိုးရိမ်ပူပန်မှုမျိုးကိုမဆို ဒီညှိနှိုင်းဆွေးနွေးမှု မူဘောင်အတွင်းမှာပဲ ဖြေရှင်းသင့်တယ်ဆိုတာဟာ အိန္ဒိယရဲ့ရပ်တည်ချက်ပဲဖြစ်ပါတယ်" ဟု ပြောသည်။

အိန္ဒိယကုန်စည်များအပေါ် အမေရိကန်၏ အခွန်စည်းကြပ်မှုများကို လျှော့ချရန် ရည်ရွယ်သည့် ကြားဖြတ်ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုကို ဖေဖော်ဝါရီလတွင် ရရှိခဲ့သော်လည်းပြီးခဲ့သည့်ရက်ပိုင်းတွင်အမေရိကန်တရားလွှတ်တော်ချုပ်က သမ္မတဒေါ်နယ်ထရမ့်၏ ကျယ်ပြန့်သော အခွန်စည်းကြပ်မှုများကို ပယ်ဖျက်လိုက်ခြင်းကြောင့် အဆိုပါသဘောတူညီချက် မည်သည့်အချိန်တွင် စတင်အသက်ဝင်မည်နည်းဆိုသည့်အပေါ် မရေရာမှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် ပိုလျှံထုတ်လုပ်မှု စွပ်စွဲချက်များအပေါ် လပေါင်းများစွာကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အိန္ဒိယအပေါ် (၁၇) ရာခိုင်နှုန်း အခွန်နှုန်းထား စည်းကြပ်ရန် အဆိုပြုခဲ့ကြောင်း သိရသည်။
အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ''ဒီစုံစမ်းစစ်ဆေးမှု တစ်လျှောက်လုံးမှာ အိန္ဒိယဘက်က အပြုသဘောဆောင်စွာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘယ်ကဏ္ဍတွင်မဆို ဖွဲ့စည်းပုံအရ ပိုလျှံနေတဲ့ ထုတ်လုပ်မှုစွမ်းရည် မရှိဘူး'' ဟု ပြောသည်။

အမေရိကန်၏ အခွန်တိုးကောက်ရန် အဆိုပြုချက်ကြောင့် အိန္ဒိယနိုင်ငံတွင် အလုပ်အကိုင်ပေါင်း (၅၀၀,၀၀၀) ထိခိုက်နိုင်ခြေရှိပြီး အမေရိကန်ဒေါ်လာ (၄၈) ဘီလီယံကျော်တန်ဖိုးရှိ အိန္ဒိယပို့ကုန်များကို ထိခိုက်စေနိုင်ကြောင်း ဒေလီအခြေစိုက် ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းအသင်း (CTI) က သတိပေးထားသည်။
အိန္ဒိယအစိုးရအနေဖြင့် လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ကုန်စည်များကို (၂၅) ရာခိုင်နှုန်း အခွန်စည်းကြပ်ရန် အိန္ဒိယကုန်သွယ်ရေးအဖွဲ့တစ်ခုက တိုက်တွန်းလိုက်ကြောင်း သိရသည်။

မူရင်းသတင်း — NP News