Myanmar Transparency News

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဗီယက်နမ်သမ္မတ တွေ့ဆုံ၊ နှစ်နိုင်ငံ ဘက်စုံမိတ်ဖက်ဆက်ဆံရေး ခိုင်မာစေရေး၊ စီးပွားရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

MT News
၂၉. ၁၁. ၂၀၂၆

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဗီယက်နမ်နိုင်ငံသမ္မတရုံး တုံကင်နန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် ဘက်စုံမိတ်ဖက်ဆက်ဆံရေး ထူထောင်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ကုန်းတွင်းဆိပ်ကမ်းများနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းတို့ ချိတ်ဆက်၍ ဒေသတွင်း ကုန်သွယ်ရေးလမ်းကြောင်းများ ဖော်ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် 5G နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုနှင့် ၂၀၂၇ ခုနှစ်တွင် ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့် အစီအစဉ်၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နှင့် မြန်မာနိုင်ငံ၏ အာဆီယံတွင် အပြည့်အဝ ပြန်လည်ပါဝင်ရေး၊ မြန်မာ-အမေရိကန် ဆက်ဆံရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အလားတူ ဗီယက်နမ်နိုင်ငံသမ္မတက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ အာဆီယံတွင် အပြည့်အဝ ပြန်လည်ပါဝင်နိုင်ရေး အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပေါ် နိုင်ငံတော်သမ္မတကလည်း ဗီယက်နမ်နိုင်ငံသမ္မတအား မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရန်နှင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်သို့ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မူရင်းသတင်း — Myanmar Transparency News