
သန့်ဇင်(NP News)-နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံသည် အာဆီယံတွင် အပြည့်အဝ ပြန်လည်ပါဝင်နိုင်ရေး အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ တိုလန်းက ယနေ့(နိုဝင်ဘာ ၂၉ ရက်) နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၊ ဗီယက်နမ်နိုင်ငံသမ္မတရုံး တုံကင်နန်းတော်၌ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်သမ္မတတို့က မြန်မာ-ဗီယက်နမ် ဘက်စုံမိတ်ဖက်ဆက်ဆံရေး ထူထောင်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ကုန်းတွင်းဆိပ်ကမ်းများနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းတို့ ချိတ်ဆက်၍ ဒေသတွင်း ကုန်သွယ်ရေးလမ်းကြောင်းများ ဖော်ဆောင်ရေးတို့ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆက်သွယ်ရေးနှင့် 5G နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးတို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုနှင့် ၂၀၂၇ ခုနှစ်တွင် ငြိမ်းချမ်းရေးညီလာခံ ကျင်း ပမည့် အစီအစဉ်၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နှင့် မြန်မာနိုင်ငံ၏ အာဆီယံတွင် အပြည့်အဝ ပြန်လည်ပါဝင်ရေး၊ မြန်မာ-အမေရိကန် ဆက်ဆံရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဗီယက်နမ်နိုင်ငံသမ္မတက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံ အာဆီယံတွင် အပြည့်အဝ ပြန်လည်ပါဝင်နိုင်ရေး အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလားတူ နိုင်ငံတော်သမ္မတကလည်း ဗီယက်နမ်နိုင်ငံသမ္မတအား မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရန်နှင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်သို့ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေစဉ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ လာအိုနိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်နှင့် ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းတို့နှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သိရသည်။