Myanmar Transparency News

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာ

သတိုး
၂၉. ၁၁. ၂၀၂၆

(၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်ခ်မက်) ထိပ်သီးအစည်းအဝေးနှင့် (၁၂)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ် ပြီးဆုံး၍ ယနေ့ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းများက Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်ဟု သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယခုခရီးစဥ်အတွင်း ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် (၁၂)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေး တက်ရောက်ကာ မိန့်ခွန်းပြောကြားခြင်း၊ (၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်ခ်မက်) ထိပ်သီးအစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပကာ ထိုင်းနိုင်ငံဝန်ကြီးချုပ်အား အက်ခ်မက်အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းပေးခြင်း၊ ဗီယက်နမ်ဝန်ကြီးချုပ်တည်ခင်းဧည့်ခံသော ဂုဏ်ပြု ညစာစားပွဲတက်ရောက်ခြင်း၊ ဗီယက်နမ်သမ္မတ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်တို့ဖြင့် တွေ့ဆုံကာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News