Myanmar Digital Newspaper

တရုတ်နိုင်ငံက သရီးဒီ(သုံးဖက်မြင်)နည်းပညာသုံးစွဲ၍ လကမ္ဘာပေါ်တွင ်အဆောက်အအုံများ ဆောက်လုပ်နိုင်ရေး လေ့လာမည်

ပေကျင်း၊ ဧပြီ ၂၅   တရုတ်နိုင်ငံသည် လကမ္ဘာစူးစမ်းလေ့လာရေး အစီအစဉ်အဖြစ်  သရီးဒီ (သုံးဖက်မြင်) နည်းပညာ သုံးစွဲ၍ လကမ္ဘာပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ရန်လုပ်ငန်းဖြစ်နိုင်ခြေများ လေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချိုင်းနားဒေးလီး သတင်းစာက ယနေ့ပြောကြားသည်။   တရုတ်နိုင်ငံမှ ၂၀၂၈ ခုနှစ်တွင် လွှတ်တင်မည့် Chang’e-8 အာကာသယာဉ်သည် အထက်ပါ လုပ်ငန်းအတွက် လကမ္ဘာပေါ်တွင် မြေပြင်အနေအထား ကွင်းဆင်းလေ့လာရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်အမျိုးသားအာကာသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ သိပ္ပံပညာရှင် Wu Weiren က ဆိုသည်။   လကမ္ဘာတွင် အချိန်ကြာမြင့်စွာ စခန်းတည်ဆောက်၍ နေထိုင်နိုင်ရန်အတွက် လကမ္ဘာပေါ်မှ အရင်းအမြစ်များကိုပင် သုံးစွဲဆောင်ရွက်ရမည်ဟု ၎င်းက ပြောကြားသည်။   လကမ္ဘာပေါ်တွင် သရီးဒီ (သုံးဖက်မြင်) နည်းပညာ သုံးစွဲ၍ လုပ်ငန်းဆောင်ရွက်နိုင်ရေး လေ့လာမှုများကို တရုတ်နိုင်ငံ တုံဂျီတက္ကသိုလ်နှင့် ဇီအန်းဂျိုက်တောင်း တက္ကသိုလ်များအပါအဝင် နိုင်ငံအတွင်းရှိ တက္ကသိုလ် အများအပြားမှ ဆောင်ရွက်နေကြောင်း သိရသည်။   ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ  

မူရင်းသတင်း — Myanmar Digital Newspaper