Myanmar Transparency News

ပြင်သစ်နိုင်ငံတွင် ဆန္ဒပြမှုမှသည် လူနေမှုစရိတ်မြင့်မားမှုအပေါ် မကျေနပ်မှုများကြောင့် နိုင်ငံတစ်ဝန်း ပြည်သူ ၆၀၀,၀၀၀ ကျော် ဆန္ဒပြ

၆.၁၁.၂၀၂၆
Translated by Htwe Ko Tun

ပြင်သစ်နိုင်ငံတွင် လူနေမှုစရိတ် ကြီးမြင့်မှုအပေါ် အစိုးရအနေနှင့် အရေးယူဆောင်ရွက်ပေးရန် နိုင်ငံ၏ မြို့အတော်များများ၌ ပြည်သူများက လမ်းပေါ်ထွက် ဆန္ဒပြမှုများ နိုဝင်ဘာလ ၅ ရက်က ဆက်လက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပွဲများက ပုံမှန်အားဖြင့် ငြိမ်းချမ်းသော်လည်း မြို့တော်ပါရီ အပါအဝင် အချို့နေရာများ၌ အကြမ်းဖက်မှုများဖြစ်ပွားသည့် သတင်းအချို့လည်း ထွက်ပေါ်ခဲ့သည်။

နေထိုင်မှု စရိတ်စက မြင့်တက်လာမှုအပေါ် ဆန္ဒပြပွဲအသစ်များအတွက် ပြင်သစ်မြို့ကြီးများတွင် နိုဝင်ဘာလ ၅ ရက်က လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြခြင်းဟု သိရသည်။

ပြည်ထဲရေးဝန်ကြီး လော်ရင့် နျူနက်ဇ်က မွန်းလွဲပိုင်းတွင် ဆန္ဒပြသူ စုစုပေါင်း ၂၇၀,၀၀၀ မှ ညနေပိုင်းတွင် ၆၀၀,၀၀၀ အထိ တိုးမြင့်လာခဲ့သည်ဟု ပြောခဲ့သည်။

ဆန္ဒပြပွဲများကို စီစဉ်ကျင်းပသည့် သမဂ္ဂငါးခုသည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများကို ကိုယ်စားပြုကာ ယိုယွင်းနေသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်ပစ္စည်းဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းပေးရန် အစိုးရကို တောင်းဆိုထားသည်။

အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမားများသည် အောက်တိုဘာလအတွင်းက ဆန္ဒပြပွဲအများအပြားကို စီစဉ်ခဲ့ကြသည့် ကျောင်းသားများနှင့် ပူးပေါင်းခဲ့ကြသည်။

အောက်တိုဘာလတွင် အကြီးမားဆုံး ကျောင်းသားဆန္ဒပြပွဲများထဲမှ တစ်ခုမှာ ဆန္ဒပြပွဲများအတွင်း ဆူပူအကြမ်းဖက်သူများက စတိုးဆိုင်များကို ဖျက်ဆီးခြင်းနှင့်အတူ အကြမ်းဖက်မှုများအသွင်ပြောင်းလဲကာ ပြင်းထန်ခဲ့သည်။ ပြင်သစ်အလယ်ပိုင်းရှိ လီမိုဂီးစ်မြို့တွင် မြို့တော်ခန်းမခေါင်မိုးကို မီးလောင်သည်အထိ အကြမ်းဖက်မှုများပြုခဲ့ကြသည်။

ပြင်သစ်သမ္မတ အီမာနျူရယ် မက်ခရွန်က အကြမ်းဖက်မှုအတွက် လက်ဝဲအစွန်းရောက်အုပ်စုများကို အပြစ်တင်ခဲ့ပြီး ဆန္ဒပြပွဲများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိုမိုချထားမည်ဟု ကတိပေးခဲ့သည်။

အောက်တိုဘာလဆန္ဒပြပွဲများတွင် မြင်တွေ့ခဲ့ရသည့်အတိုင်း ပါရီ၊ လိုင်ယွန်၊ မာဆေးလ်နှင့် အခြားနေရာများတွင် အဓိက ချီတက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရဲအရာရှိနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၇၀,၀၀၀ ခန့်ကို နိုင်ငံတစ်ဝန်းတွင် တပ်ဖြန်ချထားခဲ့သည်။

နိုဝင်ဘာလ ၅ ရက် ဆန္ဒပြပွဲများတွင် လိုင်ယွန်မြို့၌ ဆန္ဒပြသူများနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများ ထိပ်တိုက်တွေ့ဆုံသည့် သတင်းများ ထွက်ပေါ်နေသော်လည်း ဆန္ဒပြမှုများက အေးချမ်းငြိမ်သက်ကြောင်း သိရသည်။

အီဖယ်မျှော်စင်ကို ပိတ်ထားဆဲဖြစ်သည့် ပါရီတွင် ယနေ့အထိ တိုးမြင့်လာသော ဆန္ဒပြဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းများ၌ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးနှင့် လူစုခွဲခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲများတွင် အနိမ့်ဆုံးလုပ်ခ တိုးမြှင့်ရေး၊ ဘုတ်အဖွဲ့ အသီးသီးမှ လုပ်အားခ တိုးမြှင့်ရေး၊ အခွန်ပြုပြင်ပြောင်းလဲရေးနှင့် လူငယ်များအတွက် ပိုမိုကောင်းမွန်သော သင်ကြားရေး အခြေအနေများကို တောင်းဆိုခဲ့ကြသည်။

ပြင်သစ် အထက်တန်းကျောင်းများ၏ သုံးပုံတစ်ပုံခန့်သည် ကျောင်းသားများ၏ ပိတ်ဆို့ခြင်း သို့မဟုတ် သပိတ်မှောက်သော ဆရာသမားများကြောင့် ပိတ်ထားရသည်။

နိုင်ငံပိုင် မီးရထားအော်ပရေတာ SNCF ကမူ ခရီးဝေးဝန်ဆောင်မှုများအတွက် အသေးစားအနှောင့် အယှက်များသာ မျှော်လင့်ထားကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

Ref: AFP, Reuters

မူရင်းသတင်း — Myanmar Transparency News