Myanmar Digital Newspaper

တရုတ်နိုင်ငံ၏ အာကာသအစီအစဉ်နှင့် သိပ္ပံပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးမှုပြပွဲ ပထမဆုံးအကြိမ် ဖွင့်လှစ်ပြသ

  ပေကျင်း၊ ဧပြီ ၃၀   တရုတ်နိုင်ငံပေကျင်းမြို့ရှိ တရုတ်သိပ္ပံနှင့် နည်းပညာပြတိုက်တွင် တရုတ်နိုင်ငံ၏ အာကာသ အစီအစဉ်နှင့် သိပ္ပံပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးမှုပြပွဲကို ပထမဆုံးအကြိမ် ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရ သည်။   စတုရန်းမီတာ ၂၀၀၀ ခန့် ကျယ်ဝန်းသော နိုင်ငံ၏ ပထမဆုံး အာကာသသိပ္ပံနှင့် အသုံးချမှုဆိုင်ရာပြပွဲ သည် အပိုင်းငါးပိုင်း၊ အာကာသဆိုင်ရာ ပြကွက် ၁၀ ခုကျော်နှင့် အာကာသဆိုင်ရာ ပစ္စည်း ၃၀ ကျော် ခင်းကျင်းပြသထားကြောင်း သိရသည်။   အာကာသစခန်းမှ ပြန်လည်ယူဆောင်လာသော မျိုးစေ့များမှ စိုက်ပျိုးထားသော မူလသိပ္ပံနည်းကျ စမ်းသပ်မှုအတွေ့အကြုံများနှင့် Arabidopsis အပင်များကိုပထမဆုံးအကြိမ် အများပြည်သူသို့ ခင်းကျင်း ပြသထားခြင်းဖြစ်သည်။   အဆိုပါပြပွဲသည် ဒစ်ဂျစ်တယ်နှင့် အခြားနည်းပညာဆိုင်ရာ ဖွံ့ဖြိုးမှုများအပြင် ရှန်ကျိုးအာကာသ ယာဉ်နှင့် လကမ္ဘာခရီးစဉ်ကဲ့သို့သော အာကာသဆိုင်ရာ အတွေ့အကြုံများကို ပြည်သူများအားပေး လျက်ရှိသည်။   ပြပွဲကို တရုတ်သိပ္ပံအကယ်ဒမီနှင့် တရုတ်သိပ္ပံနှင့် နည်းပညာပြတိုက်လက်အောက်ရှိ အာကာသ အသုံးချနည်းပညာနှင့် အင်ဂျင်နီယာဌာနက ကြီးမှူး ကျင်းပကြောင်း သိရသည်။   ယင်းပြပွဲကို ဧပြီ ၂၉ ရက်မှ ဇွန် ၁၅ ရက်အထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။   ကိုးကား- ဆင်ဟွာ ဘာသာပြန်- အောင်ကျော်ကျော်  

မူရင်းသတင်း — Myanmar Digital Newspaper