Myanmar Digital News

ဂူဂဲလ်စာမျက်နှာများတွင် သတင်းများဖော်ပြမှုအပေါ် လျော်ကြေးပေးဆောင်ရန် ကနေဒါအစိုးရနှင့် အမေရိကန် နည်းပညာကုမ္ပဏီ ဂူဂဲလ်တို့ သဘောတူညီ

  အော့တဝါ၊ နိုဝင်ဘာ ၃၀   ကနေဒါအစိုးရသည် ဂူဂဲလ်၏ပလက်ဖောင်းများတွင် သတင်းများဖော်ပြမှုနှင့်ပတ်သက်ပြီး လျော်ကြေးပေးဆောင်ရန် အမေရိကန်နည်းပညာ ကုမ္ပဏီ ဂူဂဲလ်နှင့် သဘောတူညီမှုရရှိကြောင်း ပြောကြားသည်။   ဂူဂဲလ်သည် နိုင်ငံအတွင်းရှိ သတင်းအေဂျင်စီများကို နှစ်စဉ်ကနေဒါဒေါ်လာ သန်း ၁၀၀ သို့မဟုတ် ၇၃ ဒသမ ၆ သန်းခန့် ပေးဆောင်ရန် သဘောတူညီ ကြောင်း ကနေဒါအစိုးရက ယမန်နေ့တွင် ကြေညာသည်။   ဇွန်လတွင် ကနေဒါပါလီမန်က အွန်လိုင်းသတင်းအက်ဥပဒေကို အတည်ပြုပြီးနောက် အဆိုပါ သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။   ကနေဒါနိုင်ငံ၌ လူမှုကွန်ရက်မီဒီယာများက ၎င်းတို့၏ပလက်ဖောင်းများတွင် သတင်းလင့်ခ်များ တင်မည်ဆိုပါက ၎င်းတို့၏ တစ်နှစ်တာဝင်ငွေ၏ အနည်းဆုံး လေးရာခိုင်နှုန်းကို ကနေဒါမီဒီယာများသို့ ပေးဆောင်ရန် လိုအပ်ကြောင်း အွန်လိုင်းသတင်း အက်ဥပဒေတွင် ပါရှိသည်။   ဥပဒေစတင်အသက်ဝင်သည့် ဒီဇင်ဘာလမှစပြီး ကနေဒါမီဒီယာများမှ သတင်းအကြောင်းအရာများ ဖော်ပြခြင်းကို ရပ်တန့်သွားမည်ဖြစ်ကြောင်း ဂူဂဲလ်က ယခင်က တောင်းဆိုခဲ့သည်။   ဂူဂဲလ်သည် ကနေဒါပြည်သူများထံသို့ တန်ဖိုးရှိသော သတင်းအချက်အလက်များကို ဆက်လက် ဖော်ပြသွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။   အလားတူ Meta နည်းပညာကုမ္ပဏီကလည်း ဩဂုတ်လမှစပြီး ၎င်း၏ ပလက်ဖောင်းများတွင် ကနေဒါမီဒီယာများမှ သတင်းများဖော်ပြမှုကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။   လက်ရှိအချိန်အထိ ကနေဒါအစိုးရနှင့် Meta ကုမ္ပဏီတို့အကြား သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။   ကိုးကား - အင်န်အိတ်ချ်ကေ ဘာသာပြန် - အောင်ကျော်ကျော်  

မူရင်းသတင်း — Myanmar Digital News