Myanmar Digital News

အီရန်နိုင်ငံက ပြည်တွင်းထုတ် ဂြိုဟ်တုသုံးလုံးကို တစ်ပြိုင်နက်တည်းလွှတ်တင်

  တီဟီရန်၊ ဇန်နဝါရီ ၂၉   အီရန်နိုင်ငံသည် ၎င်း၏ အာကာသသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းထုတ် ဂြိုဟ်တုသုံးလုံးကို ယနေ့ တစ်ပြိုင်နက်တည်း လွှတ်တင်ခဲ့ကြောင်း အီရန်ကျောင်းသားများသတင်းအေဂျင်စီက သတင်းဖော်ပြသည်။ ဂြိုဟ်တုများကို ကမ္ဘာမြေမျက်နှာပြင်အထက် အမြင့် ကီလိုမီတာ ၄၅၀ အကွာ တွင်ရှိသော ဘဲဥပုံပတ်လမ်းသို့ လွှတ်တင် ခဲကြောင်း  အီရန်ကျောင်းသားများသတင်းအေဂျင်စီက ဆိုသည်။ ဂြိုဟ်တုသုံးလုံးတွင် Mahda အမည်ရှိ ဆက်သွယ်ရေးနှင့် သုတေသနဂြိုဟ်တု တစ်ခုနှင့် နာနိုဂြိုဟ်တု နှစ်ခုဖြစ်သည့် Keyhan-2 နှင့် Hatef-1 တို့ပါဝင်ကြောင်း သိရသည်။  အဆိုပါ ဂြိုဟ်တုများကို နိုင်ငံ၏ အလယ်ပိုင်း ဆမ်နန်ပြည်နယ်ရှိ ဂြိုဟ်တု လွှတ်တင်ရေးယာဉ် Simorgh (Phoenix) မှ လွှတ်တင်ခဲ့ကြောင်း သိရသည်။ Mahda ဆက်သွယ်ရေးနှင့် သုတေသနဂြိုဟ်တု၏ အဓိကရည်ရွယ်ချက်မှာ Simorgh ဂြိုဟ်တု လွှတ်တင်ရေးယာဉ်၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ရန်နှင့် အာကာသအတွင်း ဒီဇိုင်းနှင့်နည်းပညာ အသစ်များကို အကဲဖြတ်ရန်ဖြစ်သည်။ အခြားဂြိုဟ်တုနှစ်ခုသည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနည်းပညာကို အဓိကထားလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ အလားတူ Soraya ဟု အမည်ပေးထားသော အပေါ့စား ၄၇ ကီလိုဂရမ် အလေးချိန်ရှိသော သုတေသနနှင့် ဆက်သွယ်ရေး ဂြိုဟ်တုကို ဇန်နဝါရီ ၂၀ ရက်က လွှတ်တင်ခဲ့ကြောင်း အီရန်အစိုးရက ကြေညာသည်။   ကိုးကား - ဆင်ဟွာ ဘာသာပြန် - အောင်ကျော်ကျော်

မူရင်းသတင်း — Myanmar Digital News