Myanmar Digital News

ဆမ်ဆောင်းက Galaxy AI လုပ်ဆောင်ချက်များကို စတင်မိတ်ဆက်ပြသ

  ရန်ကုန်၊ ဇန်နဝါရီ ၂၉ ဆမ်ဆောင်းက  ၎င်း၏ကိုယ်ပိုင်  AI နည်းပညာဖြစ်သော Galaxy AI  ပါဝင် သည့်  S24 စီးရီးစမတ်ဖုန်းများကို ဇန်နဝါရီ ၁၇ ရက်က ကမ္ဘာတစ်ဝန်းလုံး၌ မိတ်ဆက်ပြသခဲ့ပြီး ယင်း  AI  တွင် ဘာသာစကား ၁၃ မျိုး တိုက်ရိုက်ဘာသာ ပြန်ပေးနိုင်သည့် Live Translate for phone call အပြင် မိုဘိုင်းဖုန်းကို အခြေခံ၍ အသုံးပြုနိုင်သည့် AI နည်းပညာနှင့် စွမ်းဆောင်ရည်သစ်များလည်း ပါဝင်နေသည်ကို တွေ့ရသည်။ Galaxy AI ၏ အဓိကလုပ်ဆောင် ချက်ဖြစ်သော  Live Translate  for phone call  လုပ်ဆောင်ချက်သည် ဖုန်းခေါ်ဆိုမှုကိုဖြစ်စေ၊ ပြင်ပတွင် ပြောဆိုမှုကို အသံဖမ်း၍ဖြစ်စေ၊ အွန်လိုင်းမှတစ်ဆင့် Video Call များ သို့မဟုတ် Group chat များတွင်ပြောဆိုမှုကိုဖြစ်စေ ဘာသာစကား ၁၃ မျိုးသို့ တိုက်ရိုက်ဘာသာပြန်ပေးနိုင်မည့် လုပ်ဆောင်ချက် ဖြစ်သည်။  အသုံးပြုနိုင်မည့် ဘာသာ စကားများမှာ အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဟင်ဒီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ပိုလန်၊ ပေါ်တူဂီ၊ စပိန်၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြစ်ပြီး အင်္ဂလိပ်ဘာသာနှင့် စပိန် ဘာသာတွင် လူမျိုးအလိုက် လေယူလေသိမ်း ကွဲပြားမှုများကိုပါလက်ခံ၍ ဘာသာပြန်ပေးနိုင်သည်။ ဘာသာပြန်ဆိုမှုကို အသံဖြင့်ရော စာသားဖြင့်ပါ ပြုလုပ် ပေးနိုင်သည်။ Interpreter လုပ်ဆောင်ချက်မှာ နှစ်ဖက်ပြောဆိုမှုကို ဘာသာပြန်ပြသည့် စာသားများကို ဖုန်းမျက်နှာပြင်ကို နှစ်ခြမ်းခွဲ၍ ပြသပေးခြင်းဖြစ်ပြီး ပြင်ပတွင် တိုက်ရိုက်ပြောဆိုမှုအတွက် ပို၍အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။ နောက်ပိုင်းတွင် အခြားဘာသာစကားများကိုပါ ထပ်မံထည့်သွင်းပေးမည်ဖြစ်ကြောင်း ဆမ်ဆောင်းက ထုတ်ပြန်ထားသည်။ Chat Assist သည် ဆမ်ဆောင်း ကီးဘုတ်ထဲတွင် ထည့်သွင်းထားသော AI စနစ်ဖြစ်ပြီး စာရိုက်ပြောဆိုမှုများတွင် ပြောဆိုနေသည့်အကြောင်းအရာအလိုက် သင့်တော်သော စကားလုံးအသုံးအနှုန်းများကို AI က ရွေးချယ်ပေးခြင်း၊ စာသားများကို ဘာသာပြန်ပေးခြင်းများ ပြုလုပ်ပေးနိုင်သည်။ ထို့အပြင် ကားမောင်းနေစဉ် စာပို့/စာဖတ်ရမည့် ကိစ္စများအတွက် အထောက်အကူပြုနိုင်မည့် Android Auto လုပ်ဆောင်ချက်ကိုလည်း Chat Assist နှင့်အတူ ပေါင်းထည့်ထားသည်။ Note Assist မှာ မှတ်စုများရေးသားရန်အတွက် အထောက်အကူပြုမည့် AI စနစ်ဖြစ်ပြီး အသံဖြင့် ပြောဆိုမှုများကို စာသားအဖြစ်ပြောင်း၍ မှတ်စုမှတ်သားနိုင်သည်။ စာသားများကို အချောသပ်ရေးနိုင်ရန်လည်း AI က ဖြည့်စွက်ပြင်ဆင် ပေးနိုင်မည့်အပြင် ရေးသားသည့် အကြောင်းအရာအလိုက် အထောက်အပံ့ ပြုနိုင်မည့် Template ပုံစံအမျိုးမျိုးကို လည်း AI က ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ဓာတ်ပုံဖန်တီးမှုများအတွက်လည်း Galaxy AI editing tools ပါဝင်ပြီး ယင်းတွင်ပါဝင်သည့် Generative AI လုပ်ဆောင်ချက်ဖြင့် ယိုင်နေသောဓာတ်ပုံများကို တည့်မတ်ခြင်း၊ ဓာတ်ပုံများတွင် ဖယ်ရှားချင်သောအရာများကို ဖြတ်ထုတ်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဓာတ်ပုံပေါ်မှ ဖယ်ရှားလိုသော အရာများကို AI ထောက်ပံ့ပေးမှုဖြင့် အလွယ်တကူရွေးချယ်နိုင်သလို ဖယ်ထုတ်လိုက်သည့်နေရာတွင် ကျန်ခဲ့သည့် နေရာလွတ်ကိုလည်း AI က သင့်တော်သလို ဖြည့်စွက်ပေးမည်ဖြစ်သည်။     ထို့အပြင် Wallpaper နှင့် Theme အတွက် ပုံများကိုလည်း အသုံးပြုသူများ က စိတ်ကြိုက်ဖန်တီးနိုင်မည်ဖြစ်ပြီး ဆမ်ဆောင်းကပေးထားသော အခြေခံပုံများအပေါ် အသုံးပြုသူက AI လုပ်ဆောင်ချက်များဖြင့် စိတ်ကြိုက် ပြင်ဆင်ဖန်တီးခြင်းဖြင့် မည်သူနှင့်မှ ထပ်တူမဖြစ်သော Wallpaper ပုံများကို ဖန်တီးရယူနိုင် မည်ဖြစ်သည်။ ဆမ်ဆောင်းအနေဖြင့် Galaxy AI ကို Galaxy S24 စီးရီး ဖုန်းများနှင့်အတူ စတင်ပြသခဲ့ခြင်းဖြစ်ပြီး နောက်ထွက် မည့် ဖုန်းမော်ဒယ်သစ်များတွင် Galaxy AI ဆက်လက်ပါဝင်လာနိုင်မည်ဖြစ်သလို ယခင်ထွက်ခဲ့သည့် ဖုန်းမော်ဒယ်များမှ အချို့အတွက်လည်း Galaxy AI သုံးနိုင်မည့် အပ်ဒိတ်များ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုစိုး

မူရင်းသတင်း — Myanmar Digital News