Myanmar Digital News

သစ်ပင်မျိုးဗီဇများ ထိရောက်စွာမျိုးပွားခြင်းအတွက် နည်းလမ်းတစ်ခုကို တီထွင်ခဲ့ဟု ပညာရှင်များပြောကြား

    ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၁၃   သစ်ပင်မျိုးဗီဇများ   ထိရောက်စွာမျိုးပွားခြင်းအတွက် နည်းလမ်းတစ်ခုကို  နိုင်ငံစုံမှ ပညာရှင်များ ပါဝင်သည့် သုတေသနအဖွဲ့တစ်ဖွဲ့က တီထွင်ခဲ့ကြောင်း အစ္စရေးနိုင်ငံ တဲအဗ္ဗစ်တက္ကသိုလ်၏ ပြောကြားချက်ကို ကိုးကား၍ ယနေ့စီဂျီတီအင်န်သတင်းတစ်ရပ်အရ သိရသည်။ ယင်းသုတေသနပြုချက်တွင် ပင်မအကိုင်းအခက်များကို ခုတ်ထစ်ခြင်းအပါအဝင် သစ်ပင်အမြစ်ကြီးထွားမှုကို မြှင့်တင်ပေးသည့် နည်းစနစ်များနှင့် ပင်စည်ဖြတ်တောက်ခြင်းနည်းစနစ်ကို စနစ်တကျ သုတေသနပြုခဲ့သည်။ ယခုမျိုးပွားနည်းသည် အပင်ဂုဏ်သတ္တိများကို တိုးပွားစေပြီး ခြောက်သွေ့မှုနှင့် အပင်ဆိုင်ရာရောဂါတို့ကို ခံနိုင်ရည်ရှိကြောင်း တွေ့ရှိရသည်။ အဆိုပါ မျိုးပွားခြင်းနည်းစနစ်ဖြင့် စိုက်ပျိုးထားသည့် Eucalyptus grandis tree ဟု အမည်ရသည့် အပင်များတွင် အမြစ်ထွက်နှုန်းကို အားကောင်းစေသည့် ဓာတ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပညာရှင်များက ပြောကြားသည်။ ယခု အပင်မျိုးပွားခြင်းနည်းလမ်းသစ်သည် လယ်သမားများနှင့် စားသုံးသူများအတွက် ကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး သီးနှံအထွက်နှုန်းကို မြှင့်တင်ပေးကာ ရာသီဥတုဖောက်ပြန်မှုကို ခံနိုင်ရည်ရှိသော အပင်များ ပြုစုပျိုးထောင်ပေးနိုင်သဖြင့် သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့မှုကို အထောက်အကူ ပြုနိုင်ကြောင်း သိရသည်။ ကိုးကား - စီဂျီတီအင်န်၊ ဘာသာပြန် - စိုးသူရ

မူရင်းသတင်း — Myanmar Digital News