Sports Myanmar

မန်ယူနိုက်တက်စတားဟာ တန်ဟတ်ကို ရာထူးကနေ ထုတ်ပယ်ခံရတာကို အလိုရှိခဲ့လိမ့်မယ်လို့ ဆိုလိုက်တဲ့ အိုဝင်

 

မိုက်ကယ်အိုဝင်က ဂျေဒွန်ဆန်ချိုဟာ အဲရစ်တန်းဟတ်ကို မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ ရာထူးကနေ ထုတ်ပယ်ခြင်းခံရတာကို အလိုရှိခဲ့လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကုန်က တန်းဟတ်ကို ရာထူးကနေ ထုတ်ပယ်ရန် စဉ်းစားခဲ့ပေမယ့်လည်း လိုချင်တဲ့ ပစ်မှတ်နည်းပြတွေကို ခန့်အပ်ဖို့ ကိစ္စအဆင်မပြေ ဖြစ်ခဲ့တာကြောင့် တန်းဟတ်ကို ရာထူးမှာ ဆက်ထားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန် တိုက်စစ်မှုးဟောင်း အိုဝင် ကတော့ ပြီးခဲ့တဲ့ ရာသီအစက သူနဲ့ ပြသနာ ဖြစ်ခဲ့တဲ့ တန်းဟတ်ကို ရာထူးကနေ ထုတ်ပယ်ခံရဖို့ ဆန္ဒရှိခဲ့လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဆန်ချိုဟာ တန်းဟတ်နဲ့ ပြသနာ ဖြစ်ခဲ့ပြီးနောက် ဒေ့ါမွန်မှာ အငှားသွားကစားခဲ့ပါတယ်။ ဆန်ချို အနေနဲ့ ဂျာမနီမှာ သူ့ရဲ့ ပုံစံကောင်းကို ပြန်လည် ပြသနိုင်ခဲ့တာကြောင့် အသင်းဟောင်း ဒေ့ါမွန်ကို အပြီးသတ် ပြန်လည် ပြောင်းရွေ့လိမ့်မယ်လို့ ထင်မှတ်ထားခဲ့ကြပါတယ်။

ဒါပေမယ့် ဆန်ချိုဟာ ပြီးခဲ့တဲ့အပတ်က တန်းဟတ်နဲ့ စကားပြောကာ ပြသနာကို ဖြေရှင်းနိုင်ခဲ့တယ်လို့ သိရပြီး အခုဆိုရင် ကလပ်ရဲ့ ရာသီကြို ခရီးစဉ်မှာ ပါဝင်လျက် ရှိနေပါတယ်။ တန်းဟတ်က ဆန်ချိုနဲ့ ဖြစ်ခဲ့တဲ့ ပြသနာကို အတိတ်မှာ ချန်ထားခဲ့ပြီလို့ ဆိုခဲ့ပေမယ့်လည်း အိုဝင်ကတော့ ဆန်ချိုဟာ ရာသီသစ်မှာ မန်နေဂျာသစ်နဲ့ ပိုမို လက်တွဲချင်မှာ ဖြစ်တယ်လို့ ယူဆနေပါတယ်။

အိုဝင်က “ဆန်ချိုဟာ ပြီးခဲ့တဲ့ ရာသီက တကယ့်ကို အန္တရာယ်များလှတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့တဲ့ ကလပ်ကို ပြန်လည် ပြောင်းရွေ့ကာ ပုံစံကောင်းကို ပြန်လည် ရှာဖွေခဲ့တာကတော့ မှန်ကန်မှု ရှိပါတယ်။ သူဟာ ဒေါ့မွန်မှာ အတော်ကောင်းအောင် လုပ်ပြခဲ့ပါတယ်။

သေချာတာကတော့ ဆန်ချို အနေနဲ့ အိုးထရပ်ဖို့ဒ်မှာ မန်နေဂျာ အပြောင်းအလဲ ဖြစ်သွားတာကို ပိုပြီး အလိုရှိနေခဲ့မှာ ဖြစ်ပါတယ်။ အဲဒါဆိုရင် သူ့အနေနဲ့ မန်ယူနိုက်တက်ကို ပြန်ပြီး စိတ်ရှင်းရှင်းနဲ့ အသစ် ပြန်လည် စတင်နိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ အနာဂတ်က ဘယ်လို ဖြစ်လာမလဲဆိုတာတော့ ကျနော်လည်း မသိပါဘူး။ ဒါပေမယ့် သူဟာ ဒေါ့မွန်ကို ပြန်လည် ပြောင်းရွေ့ကာ ထိပ်တန်း Level မှာ ကစားနိုင်စွမ်း ရှိနေသေးတယ် ဆိုတာကို သက်သေပြခဲ့ပါတယ်။”

မူရင်းသတင်း — Sports Myanmar