Sports Myanmar

ကွန်းဖရန့်လိဂ်မှာ ချဲလ်ဆီး စတား တဦးဟာ ကိုးလ်ပါလ်မာရဲ့ နေရာကို အစားထိုး ဖြည့်ပေးနိုင်မယ်လို့ ယုံကြည်နေတဲ့ ဟားဂရေ့ဗ်စ်

 

ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ ကွန်းဖရန့်လိဂ် အုပ်စု အဖွင့်ပွဲ အဖြစ် ဘယ်ဂျီယမ် ကလပ် ဂျန့်အသင်းကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံကစားသွားဖို့ ရှိပါတယ် ။ ဒီပွဲမှာ ချဲလ်ဆီးဟာ အဓိက ကစားသမား အများအပြား အနားပေးသွားဖို့ မျှော်မှန်းရပြီး ၊ အရန် ကစားသမားတွေကို အခွင့်အရေး ပေးသွားဖို့ ရှိပါတယ် ။

ဒါ့အပြင် ချဲလ်ဆီးဟာ ဒဏ်ရာ ပြဿနာ ကြီးကြီးမားမား မရစေဖို့ ၊ ပွဲပန်းဒဏ် မကြုံစေဖို့ အားအထားရဆုံး ကစားသမား ကိုးလ်ပါလ်မာကို ကွန်းဖရန့်လိဂ် အုပ်စုအဆင့် လူစာရင်းမှာ ထည့်သွင်း စာရင်းမပေးခဲ့တာကို တွေ့ရပါတယ် ။

TNT Sport နဲ့ တွေ့ဆုံရာမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ်စ်က ပါလ်မာရဲ့ နေရာမှာ ပြင်သစ် ကြယ်ပွင့် နောက်ချန်တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူက တိုက်ရိုက် အစားထိုး ကစားပေးနိုင်မယ်လို့ ယုံကြည်နေပါတယ် ။

ဟားဂရေ့ဗ်စ် က ” အန်ကွန်ကူဟာ ပါလ်မာရဲ့ နေရာကို အစားထိုးပေးမယ့် ကစားသမားလို့ ကျွန်တော် ထင်ပါတယ် ။ သူ့မှာ ကြံ့ခိုင်မှု ပြဿနာတွေ ရှိခဲ့တာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် သူဟာ ပြီးပြည့်စုံမှု ရှိတဲ့ ကစားသမား တယောက်ပါ ။ သူဟာ အဆုံးသတ် ကောင်းပြီး ၊ နည်းစနစ်အရလည်း အရမ်းတော်ပါတယ် ။ ”

” သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ နည်းစနစ်ကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိလို့ သူတို အဆင်ပြေပါလိမ့်မယ် ။ ဒါပေမယ့် အန်ကွန်ကူဟာ ပါလ်မာ မရှိတဲ့အချိန် ချဲလ်ဆီးကို ထူးခြားမှုတွေ ပေးမယ့် ကစားသမားလို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ ကွန်းဖရန့်လိဂ် ပြိုင်ပွဲကို ဒီရာသီမှာမှ ပထမဆုံး အကြိမ် စတင် ယှဉ်ပြိုင်တာ ဖြစ်ပေမယ့် ၊ ကစားသမားအင်အားနဲ့ ဥရောပ ပြိုင်ပွဲ အတွေ့အကြုံ ၊ အောင်မြင်မှုတွေကြောင့် ပြိုင်ဖက်ကင်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ် ။

သို့ပေမယ့် ဟားဂရေ့ဗ်စ်ကတော့ ချဲလ်ဆီး အနေနဲ့ ဗိုလ်စွဲဖို့ဆို အပြည့်အဝ အာရုံစိုက်ရဦးမှာ ဖြစ်ကြောင်းကို ” သူတို့ဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်သင့်ပါတယ် ။ အထူးသဖြင့် ကစားသမားသစ်တွေ ခေါ်ဖို့ သူတို့ သုံးခဲ့တဲ့ ငွေကြေးပမာဏဟာ ဒီပြိုင်ပွဲမှာ ပါဝင်နေတဲ့ ကလပ် အားလုံးပေါင်းရဲ့ အသုံးစရိတ်နဲ့တောင် မျှခြေ ရှိကောင်းရှိနိုင်ပါတယ် ။ ”

” ဒါပေမယ့် ဘောလုံးမှာ ဒါမျိုး အမြဲ အလုပ်မဖြစ်ဘူး ဆိုတာ ကျွန်တော်တို့ သိကြပါတယ် ။ ခင်ဗျားတို့ဟာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေပြီဆိုရင် ဒါက အမြဲ အန္တရာယ် ရှိပါတယ် ။ ခင်ဗျားဟာ အမြဲတမ်း suprise အတိုက်ခံရနိုင်ပြီး ၊ သူတို့ အာရုံမစိုက်ရင် ၊ ကလပ်တွေက သူတို့ကို ဒုက္ခပေးပါလိမ့်မယ် ။ ”

” တနည်းပြောရရင် ချန်ပီယံလိဂ်မှာ ကစားတာ လွယ်နိုင်ပါသေးတယ် ။ ဘာလို့လဲဆိုတော့ ခင်ဗျားဟာ အဲဒီက အသင်းတိုင်းနဲ့ ကစားသမားတိုင်းကို သိလို့ပါ ။ ကွန်းဖရန့်လိဂ်က တချို့ အသင်းတွေဟာ ခင်ဗျား မကြုံဖူးတဲ့ ပြိုင်ဖက်တွေ ဖြစ်ပြီး ၊ မကြာခဏဆိုသလို သူတို့ဟာ ခင်ဗျားကို ငြိမ်ကုပ်သွားအောင် အလုပ်နိုင်ဆုံးပါပဲ ။ ”

” ချဲလ်ဆီးဟာ ဒါကို နားလည်လိမ့်မယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် ဒါက တည့်တိုး ဖြေရှင်းရသလိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး ။ ဒါက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတာနဲ့ ဘယ်တော့မှ မသက်ဆိုင်တတ်ပါဘူး ။ သူတို့သာ မစွမ်းဆောင်ပြနိုင်ရင် ၊ လူတွေက သူတို့ကို ပြန်ပြီး နောက်ကောက်ချသွားပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar