
ရန်ကုန် နိုဝင်ဘာ ၂၃
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး မြို့၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် Star Sailors League - SSL Gold Cup ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် ရွက်လှေအသင်း က ခြေစစ်ပွဲအဆင့် နှစ်ဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်ပြီး ၁ / ၁၆ ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဒေသတွင်းနိုင်ငံများ၏ ယှဉ်ပြိုင်မှုရလဒ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ဤအောင်မြင်မှုသည် အရေးပါ ထင်ရှားကြောင်း၊ စင်ကာပူအသင်း ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် ယခုအဆင့်သို့ တက်ရောက်နိုင်သည့် အာဆီယံနိုင်ငံများမှာ မြန်မာ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့သာ ကျန်ရှိတော့သကဲ့သို့ အာရှနိုင်ငံများ အနေဖြင့်လည်း ထိုသုံးနိုင်ငံနှင့် ဂျပန်နိုင်ငံ စုစုပေါင်း လေးနိုင်ငံသာ ဤအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ SSL Class အမျိုးအစား ရွက်လှေများနှင့် စတင်လေ့ကျင့်ခွင့်ရရှိခဲ့သည်မှာလည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှသာ ဖြစ်သဖြင့် ယှဉ်ပြိုင်မှုပြင်းထန်သော ဤနိုင်ငံတကာရွက်လှေ အမျိုးအစားတွင် အသင်း၏အတွေ့အကြုံမှာ တစ်နှစ်ခန့်သာရှိသေးကြောင်း၊ ၁၉၂၄ ခုနှစ်တွင် ရန်ကုန်ရွက်လှေ အသင်းကို တည်ထောင်ခဲ့ရာမှအစပြုသည့် ရွက်လှေအားကစား အစဉ်အလာကို ဆက်လက် ထိန်းသိမ်းရင်း ၂၀၂၆ ခုနှစ်တွင် နိုင်ငံတကာ SSL ပြိုင်ပွဲစင်မြင့်၌ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ခဲ့ခြင်းဖြင့် အားကစားသမိုင်းတွင် အရေးပါသော ရှေ့ခြေလှမ်းတစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်