Sports Myanmar

ကစားသမား တဦးကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်ဦးမှာ မဟုတ်ဘူးလို့ သုံးသပ်လာတဲ့ မီခေးလ်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘရိုက်တန် အသင်းကို ၄ – ၂ နဲ့ အနိုင်ရပြီးနောက် ၊ Top 4 ထဲသို့ ပြန်လည် ဝင်ရောက်လာနိုင်ခဲ့ပါတယ် ။ ထိုပွဲမှာ ချဲလ်ဆီး တိုက်စစ်က အဆုံးသတ် ပိုသေချာခဲ့ရင် ၊ ဒီထက် ဂိုးပြတ် အနိုင်ရခဲ့မှာ ဖြစ်ပါတယ် ။

သို့ပေမယ့် ချဲလ်ဆီးဟာ တိုက်စစ်ကောင်းသလောက် ၊ ခံစစ်မှာတော့ ဟာကွက်တွေ ၊ မတည်ငြိမ်မှု တချို့ ရှိနေဆဲ ဖြစ်ပါတယ် ။ အထူးသဖြင့် ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ဟာ ထိုပွဲမှာ အသင်းဟောင်း ဘရိုက်တန်ဖက်ကို ၂ဂိုး အလှူပေးခဲ့ကာ ၊ လိုအပ်ချက်တွေ ရှိနေတုန်းပဲ ဆိုတာ ပိုပြီး ပေါ်လွင်စေခဲ့ပါတယ် ။

တိုက်စစ်က ဂိုးများများ သွင်းနိုင်ချိန် ၊ ဆန်းချက်ဇ် အနေနဲ့ အမှား ကျူးလွန်တာတွေက ပြဿနာ ကြီးကြီးမားမား မရှိပေမယ့် ၊ တိုက်စစ်က ဂိုးမိုးခေါင်နေချိန် ၊ ရုန်းကန်ရချိန်တွေမှာဆို ၎င်းအနေနဲ့ ထိပ်တန်းအဆင့် လက်စွမ်းမျိုး ပြသဖို့ လိုပါတယ် ။

ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဂျွန်အိုဘီ မီခေးလ်ကတော့ ဆန်းချက်ဇ်ကြောင့် ၎င်းရဲ့ အသင်းဟောင်းဟာ ၇နှစ်ကျော်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်ဦးမှာ မဟုတ်ကြောင်း သူ့ရဲ့ ကိုယ်ပိုင် The Obi One Podcast မှတဆင့် အခုလိုပဲ သုံးသပ်သွားပါတယ် ။

မီခေးလ် က ” သူဟာ ပထမပိုင်းမှာ အိပ်မက်ဆိုးသဖွယ် လက်စွမ်းသာ ပိုင်ဆိုင်ခဲ့ပြီး ၊ ပေးဂိုး ၂ဂိုးလုံးဟာ သူ့အမှားနဲ့ မကင်းပါဘူး ။ ဒါက စိုးရိမ်းစရာပါ ။ ဒါပေမယ့် ဒါကလွဲရင် ၊ ကျွန်တော်တို့ဟာ အရမ်း တောင့်တောင့်တင်းတင်း ရှိခဲ့ပါတယ် ။ ”

” ဟုတ်ပါတယ် ။ ဒီမတိုင်ခင်က သူ့ရဲ့ စွမ်းဆောင်ရည်က အရမ်း အရမ်း ကောင်းခဲ့ပေမယ့် ၊ ခင်ဗျားတို့ဟာ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်တဲ့ အသင်း တသင်း ဖြစ်ချင်ရင် ၊ ထိပ်တန်းအဆင့် ဂိုးသမား တယောက်တော့ လိုပါတယ် ။ ”

” ကျွန်တော်တို့ မစမနောက်ပဲ ပြောကြရအောင်ပါ ။ ကျွန်တော်တို့မှာ အဲလိုအဆင့် ဂိုးသမားမျိုးလည်း မရှိနေပါဘူး ။ ဒါက ရောဘတ် ဆန်းချက်ဇ်ကို မလေးမစား လုပ်တာလည်း မဟုတ်ပါဘူး ။ သူဟာ အံ့သြဖွယ်ကောင်းတဲ့ ဂိုးသမား တယောက် ဖြစ်ပေမယ့် ၊ ကျွန်တော်တို့ဟာ ချန်ပီယံဆုကို စိန်ခေါ်ဖို့ဆိုရင် ထိပ်တန်းအဆင့် ဂိုးသမား တယောက် လိုပါတယ် ။ ”

” သူ့အနေနဲ့ ထိပ်တန်း ဂိုးသမား တယောက် ဖြစ်လာချင်ရင်တော့ ဘရိုက်တန်နဲ့ မတိုင်ခင် ၂ပွဲက လက်စွမ်းမျိုး တည်တည်ငြိမ်ငြိမ် ပြသနိုင်ရပါမယ် ။ သူဟာ ခြေထောက်နဲ့ ဘောလုံး ဖြန့်ဝေတဲ့ နေရာမှာ အဲလောက် မကျွမ်းကျင်ဘူး ဆိုတာ ကျွန်တော်တို့ သိကြပါတယ် ။ ”

” ဒါက ပြဿနာ မဟုတ်ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဂိုးပေါက်မှာ စိတ်ချရမယ့် ဂိုးသမား တယောက် ၊ အဆုံးအဖြတ် ကာကွယ်မှုတွေ လုပ်နိုင်မယ့် ဂိုးသမားမျိုး လိုပါတယ် ။ စနေနေ့က ပွဲမှာ သူဟာ ပေးဂိုး ၂ဂိုးလုံးမှာ အမှားကျူးလွန်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar