Sports Myanmar

သူ့ကို အံ့အားသင့်အောင် လုပ်ပြထားတဲ့ ချဲလ်ဆီး စတားရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ ရူဒီဂါ

ဂျာမနီ လက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါဟာ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဖလားကို ချဲလ်ဆီး အသင်းနဲ့ အတူ ဆွတ်ခူးပြီး ၊ တနှစ်အကြာမှာပဲ ရီးရဲလ်မက်ဒရစ် အသင်းသို့ အလွတ်နဲ့ ပြောင်းရွှေ့သွားပါတယ် ။ ဒါဟာ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ချ် ချဲလ်ဆီးကို မရောင်းချမီ ၊ အကြီးအကျယ် နစ်နာ ဆုံးရှုံးခဲ့ရတဲ့ ကစားသမားလည်း ဖြစ်ပါတယ် ။

ရီးရဲလ်မက်ဒရစ် အသင်းမှာ ဘောလုံး ရာသီ ၃ခုမြောက် ဖြတ်သန်းနေတဲ့ ရူဒီဂါဟာ ရှေ့၂နှစ် အတွင်း စပိန်ဘုရင့်ဖလားက လွဲရင် ၊ ကျန်တဲ့ ဆုဖလားတိုင်းကို ဆွတ်ခူးရရှိခဲ့ပြီး ဖြစ်ပါတယ် ။ သို့ပေမယ့် ၎င်းဟာ အသင်းဟောင်း ချဲလ်ဆီး အပေါ် ချစ်ခင်မှု ၊ လေးစားမှု ရှိနေဆဲ ဖြစ်ပါတယ် ။

The Inside Scoop ချန်နယ်နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ရူဒီဂါ က ” ကျွန်တော် အချိန်ရတဲ့အခါ ချဲလ်ဆီးပွဲတွေ အမြဲတမ်း ကြည့်ဖြစ်ပါတယ် ။ ကျွန်တော် ကစားဖို့ ပွဲမရှိတဲ့ နေ့တွေဆိုရင် သူတို့ပွဲကို အမြဲ ကြည့်ဖြစ်ပါတယ် ။ သူတို့မှာ တကယ် ကြောက်ခမန်းလိလိ ကောင်းတဲ့ ၊ အရည်အသွေးပြည့်တဲ့ ကစားသမားတွေ အများကြီးမှ အများကြီး ရှိနေပါတယ် ။ ”

” ဒီကစားသမားတွေ အတွက် သူတို့ ဘယ်လောက်ထိ ငွေသုံးထားပြီးပြီလဲ ဆိုတာ ကျွန်တော် မသိပေမယ့် ၊ သူတို့မှာ သူတို့ ကိုယ်ပိုင် ချဉ်းကပ်ပုံတွေ ရှိပါလိမ့်မယ် ။ ကျွန်တော့ဖက်က ဘာမှ မပြောနိုင်ပါဘူး ။ ဘာလို့လဲဆိုတော့ သူတို့ ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေက တကယ် wow ဖြစ်နေလို့ပါ ။ ”

” တချို့ အသင်းတွေဆိုရင် သူတို့ သုံးတဲ့ ငွေပမာဏမျိုး သုံးနိုင်ဖို့ ၊ သူတို့ ပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုးတွေ ပိုင်ဆိုင်ဖို့ အလိုရှိကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ချဲလ်ဆီးဟာ ရူဒီဂါ ထွက်သွားပြီး နောက်ပိုင်း တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်သစ်တွေရဲ့ လက်အောက်မှာ သိသိသာသာ ပြောင်းလဲသွားပါတယ် ။

အထူးသဖြင့် အပြောင်းအရွှေ့ မူဝါဒ အပိုင်းမှာ ဝါရင့် အသင့်သုံး ကမ္ဘာ့အဆင့် ကစားသမားတွေကို ကြေးကြီးပေး ခေါ်ယူတာထက် ၊ ကင်းထောက်တွေမှတဆင့် အနာဂတ်မှာ တောက်ပလာနိုင်တဲ့ လူငယ် ကြယ်ပွင့် အများအပြားကို နှစ်ရှည်စီမံကိန်းနဲ့ ခေါ်ယူတဲ့ စနစ်မျိုးကို ချဲလ်ဆီးတို့ ကျင့်သုံးလျက် ရှိပါတယ် ။

ဒီပေါ်လစီဟာ တချို့ အခြေအနေတွေမှာ အရာထင်ပေမယ့် ၊ ဝေဖန်မှု အများအပြားနဲ့လည်း ရင်ဆိုင်ရဖူးပါတယ် ။ ဒီစနစ်ကတဆင့် ချဲလ်ဆီးဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး လူငယ် ကြယ်ပွင့် အဖြစ် ရပ်တည်နေတဲ့ အင်္ဂလန် စတား ကိုးလ်ပါလ်မာကို စင်တင်ပေးထားပါတယ် ။

ရူဒီဂါ ကတော့ ပြီးခဲ့တဲ့ ရာသီ PFA တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုရှင် ပါလ်မာဟာ ၎င်းအပေါ် အံ့အားသင့်စေကြောင်းကို ” ကိုးလ်ပါလ်မာဟာ ကျွန်တော့ကို အများကြီး အံ့အားသင့်စေခဲ့ပါတယ် ။ မန်စီးတီးမှာတုန်းက သူဟာ ကြီးကျယ်တဲ့ ကစားသမားတွေကြားမှာမို့ အလိုက်အထိုက် ကစားနိုင်ခဲ့တယ်လို့ ခင်ဗျား ပြောမှာပါ ။ ”

” အိုကေလေ ။ ဒါပေမယ့် နောက်တသင်း ပြောင်းကစားတဲ့အခါကျပြန်တော့လည်း သူ လုပ်ပြနိုင်ခဲ့ပါတယ် ။ ဒီအတွက် သူ့ကို ချီးကျူးရပါမယ် ။ ဘာလို့လဲဆိုတော့ သူဟာ အမှန်တကယ် တော်တဲ့ ကစားသမား တယောက် ဖြစ်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar