Sports Myanmar

စွန့်စားမှု မရှိတဲ့ ချဲလ်ဆီး စတားထံ ပွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး သတိပေးစကား ဆိုလိုက်တဲ့ ကတ်စ်ကာရီနို

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ နော်တင်ဟမ် ဖောရက်စ် အသင်းကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ် ။ ဂိုးသွင်းခွင့် တချို့ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ခြင်းက ခြင်္သေ့ပြာတို့ကို ထိုပွဲမှာ ရမှတ် ၂မှတ် လျော့စေခဲ့ပါတယ် ။

ဖောရက်စ်ဟာ ခံစစ်ကို အဓိက အားပြုကာ အကွက်ကျကျ ကစားခဲ့တာကြောင့် ၊ ချဲလ်ဆီးတို့ အခွင့်အရေး များများစားစား မရခဲ့ပေမယ့် ၊ နိုင်ဖို့အတွက် လုံလောက်တဲ ဂိုးသွင်းခွင့်တွေတော့ ပိုင်ဆိုင်ခဲ့ပါတယ် ။ အထူးသဖြင့် ချေပဂိုး ရပြီးတဲ့နောက်ပိုင်း ချဲလ်ဆီးရဲ့ တိုက်စစ်အား အတော်လေး ကောင်းခဲ့ပါတယ် ။

သို့ပေမယ့် ထိုပွဲမတိုင်ခင် ရှေ့၃ပွဲဆက် ဂိုးဖန်တီးနိုင်ခဲ့တဲ့ တောင်ပံကစားသမား ဂျေဒွန် ဆန်ချိုကတော့ သာမန် စွမ်းဆောင်ရည်သာ ပြသနိုင်ခဲ့ပါတယ် ။ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း တိုနီ ကတ်စ်ကာရီနိုကတော့ ဆန်ချိုဟာ ပုံမှန် ပွဲထွက်ခွင့် ရချင်တယ်ဆိုရင် အခုထက် ပိုပြီး စွန့်စားမှု ပြဖို့ လိုနေကြောင်း သတိပေးသွားပါတယ် ။

The Time သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ကတ်စ်ကာရီနို က ” ကျွန်တော်ဟာ ဂျေဒွန် ဆန်ချိုရဲ့ ကစားပုံကို အာရုံစိုက် ကြည့်ရှုဖို့ စတမ်းဖို့ဒ်ဘရစ်ချ်ကို သွားခဲ့ပြီး ၊ သူ့ရဲ့ ကစားပုံက မဆိုးပါဘူး ။ ကြီးမားတဲ့ အမှား တစုံတရာ သူ မကျူးလွန်ခဲ့သလို ၊ အရာရာက သေသေသပ်သပ် ရှိခဲ့ပါတယ် ။ သူဟာ တိကျတဲ့ အတိုးပေး ဘောလုံး ပေးပို့မှုတွေ လုပ်နိုင်ခဲ့ပါတယ် ။ ”

” ရုပ်သံ အစီအစဉ်တွေမှာ သူ့ရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်သူ တယောက် အနေနဲ့ ဘာမှ အပြစ်ပြောစရာ ၊ စောဒက တက်စရာ မရှိပါဘူး ။ ဒါပေမယ့် သူဟာ ချဲလ်ဆီးလို ကစားသမားတွေ အပေါ် မျှော်မှန်းချက် ကြီးကြီးမားမား ထားတဲ့ ကလပ် တသင်း အတွက် ကစားနေတာပါ ။ အထူးသဖြင့် တိုက်စစ် ကစားသမားတွေပေါ့ ။ ”

” တော်သင့်ရုံ ကစားတာက သူ့အတွက် ပြဿနာပါ ။ အမှန်က နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲမှာ သူဟာ ပြိုင်ဖက် နောက်ခံလူ အိုလာ အိုင်နာကို ဘာမှ အခက်မတွေ့စေခဲ့ပါဘူး ။ ဆန်ချိုဟာ ကစားသမားကောင်း တယောက် ဆိုတာ မေးခွန်းထုတ်စရာ မရှိပါဘူး ။ သူ့ရဲ့ ဘောလုံး ထိချက်တွေက အမြဲလိုလို တိကျသေသေပ်မှု ရှိပါတယ် ။ ”

” ဒါပေမယ့် သူဟာ သက်တောင့်သက်သာ ရှိတဲ့ ပုံစံမျိုးနဲ့ပဲ ကစားတတ်ပါတယ် ။ သူဟာ အိုင်နာနဲ့ တွန်းတွန်းတိုက်တိုက် ယှဉ်ပြိုင် ကစားခဲ့ခြင်း လုံးဝ မရှိခဲ့ပါဘူး ။ ဆန်ချိုဟာ အပြေး မနှေးပါဘူး ။ ဒါပေမယ့် သူ့မှာ ပြိုင်ဖက် နောက်ခံလူတွေကို အရှိန်နဲ့ ပေါက်ကွဲ တိုးဝှေ့ ကစားနိုင်စွမ်း မရှိပါဘူး ။ ”

” တဖက်က တောင်ပံမှာ နွန်နီ မက်ဒူးကီ ကစားတာနဲ့ ပြောင်းပြန်လို ဖြစ်နေခဲ့ပါတယ် ။ သူဟာ တပွဲလုံး အပြည့်အဝ တွန်းတွန်းတိုက်တိုက် ကစားခဲ့ပါတယ် ။ ဖောရက်စ်က သူ့ကို ထိန်းဖို့ ကြိုးစား တိုက်ပွဲဝင်ခဲ့ရပါတယ် ။ မက်ဒူးကီဟာ ဆန်ချိုထက် ပိုပြီး တည့်တိုး ကစားတတ်ပါတယ် ။ ”

” သူဟာ တောင်ပံ တလျှောက် ဘောလုံး ဆွဲပြေးလာပြီဆိုရင် ၊ ပြိုင်ဖက် နောက်ခံလူကို ကျော်ဖြတ်ပြဖို့ အမြဲ ကြည့်ပါတယ် ။ ခြုံပြောရရင် ဒီပုံစံမျိုးနဲ့ပဲ တောင်ပံ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အပေါ် အကဲဖြတ်ကြတာပါ ။ ခင်ဗျား လူဘယ်နှယောက် ကျော်နိုင်သလဲ ၊ ပြီးရင် ဘာတွေ ဆက်လုပ်ပြနိုင်သလဲ ဆိုတာမျိုးတွေပေါ့ ။ ”

” လွန်ခဲ့တဲ့ နှစ်တွေအတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံ ကစားသမားတွေ ဖြစ်ခဲ့ကြတဲ့ ခရစ်တီယာနို ရော်နယ်ဒို ၊ အီဒင် ဟာဇက် ၊ ဂါရတ်ဘေးလ်တို့ဟာ သူတို့ကို ကပ်ထားကြတဲ့ နောက်ခံလူတွေကို အပြေးအား ၊ ပါဝါ ၊ အတိုးအလှုပ် သုံးပြီး တွန်းတွန်းတိုက်တိုက် ကျော်ဖြတ်ခဲ့ကြပါတယ် ။ ”

” ဆန်ချိုဟာ ဒီထက် အနည်းငယ် ပိုပြီး သန်မာဖို့ ၊ တွန်းတွန်းတိုက်တိုက် ကစားနိုင်ဖို့ လိုပါတယ် ။ ဒါမှ သူ့ရဲ့ တိုးအား ၊ အပြေးအားတွေ သိသိသာသာ မြင့်လာမှာပါ ။ ဒါက ပြိုင်ဖက် နောက်ခံလူတွေကို သူ့ရဲ့ လှုပ်ရှားပုံတွေနဲ့ ပတ်သက်ပြီး ခန့်မှန်းရ ခက်ခဲစေမှာပါ ။ ”

” အခု လောလောဆယ်တော့ ပြိုင်ဖက် နောက်ခံလူတွေက သူ့မှာ တဦးချင်း ကျော်ဖြတ်ဖို့ အခွင့်အရေး အနည်းငယ်ပဲ ရှိတယ်လို့ သိထားကြပါတယ် ။ ဆန်ချိုဟာ သုံးမရတဲ့ ခြေစွမ်းမျိုး ပြခွင့်မရှိပါဘူး ။ ခရစ်တိုဖာ အန်ကွန်ကူ ၊ ပတ်ဒရို နက်တိုနဲ့ မစ်ခ်ဟိုင်းလို မူဒရစ်တို့ကို ကျော်ပြီး ပုံမှန် ပွဲထွက်ခွင့် လိုချင်တယ်ဆိုရင် သူ့အနေနဲ့ ဒီထက် ပိုပြီး စွမ်းဆောင်ပြရပါမယ် ။ ”

” ပွဲပြီးခါနီး မိနစ်အနည်းငယ်မှာတောင် မူဒရစ်ဟာ လူစားဝင် ရတဲ့ အချိန် အတွင်း ဖောရက်စ်ကို သူ့ရဲ့ တည့်တိုးကစားဟန်နဲ့ ဒုက္ခပေးနိုင်ခဲ့ပါတယ် ။ ဒေါ့မွန်မှာ ဆန်ချိုဟာ ခြေစွမ်းပြခဲ့ပေမယ့် ၊ မန်ချက်စတာ ယူနိုက်တက်မှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး ။ ဒီတော့ ချဲလ်ဆီးမှာ ဖြစ်ပျက်မယ့် အရာတွေက သူ့ရဲ့ ကစားသမား ဘဝ တည်နေရာကို ညွှန်ပေးမှာပါ ။ ”

” အသင်းကြီးတွေမှာ ခြေစွမ်းတည်ငြိမ်မှု ၊ စွမ်းဆောင်ရည် အဆင့်အတန်း အပေါ် မူတည်ပြီး ခင်ဗျားကို အကဲဖြတ်ပါတယ် ။ မျှော်မှန်းချက်တွေက အများကြီး ပိုမြင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar