
အာဆင်နယ် အသင်း ရဲ့ ကစားသမား တစ်ဦး ဖြစ်တဲ့ တီယာနေး ဟာ နည်းပြ အာတီတာ ရဲ့ အနာဂတ် အစီအစဉ်ထဲမှာ မပါဝင်တော့ဘဲ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ကာလ မှာတင် ရောင်းထုတ် ခံရဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။
ဆိုစီဒက် အသင်းမှာ အငှား သွားကစားပြီးနောက် အာဆင်နယ် အသင်းကို ပြန်လည် ရောက်ရှိတဲ့ တီယာနေး ဟာ ပြီးခဲ့တဲ့ နွေရာသီမှာကတည်းက အသင်းကနေ ထွက်ခွာဖို့ အစီအစဉ် ရှိနေခဲ့သူပါ ။ ဒါပေမဲ့လည်း တီယာနေးဟာ နိုင်ငံ အသင်းအတွက် ကစားရင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိ သွားခဲ့တာကြောင့် အာဆင်နယ် အသင်းရဲ့ ရောင်းထုတ်မယ့် အစီအစဉ် ပျက်ပြယ် သွားခဲ့ရပါတယ်။

အခု အခါမှာ တီယာနေး ဟာ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီ ဖြစ်ပေမယ့် အသင်း ရဲ့ လူစာရင်း မှာ ပါဝင်ရခြင်း မရှိသေးဘဲ အာဆင်နယ် ကစားသမား အဖြစ် ရှိနေသေးတယ် ဆိုတာ တချို့ ပရိသတ်တွေတောင် မေ့နေသေးတဲ့ အနေအထားပါ ။
အာဆင်နယ် အသင်း သတင်းတွေကို တင်ဆက်နေကြ နာမည်ကျော် သတင်းထောက် တစ်ဦး ဖြစ်တဲ့ Charles Watts ကတော့ တီယာနေး နဲ့ ပတ်သက်ပြီး ” ကီရန် တီယာနေး က နည်းပြ အာတီတာ ရဲ့ အစီအစဉ် ထဲမှာ ပါဝင်ခြင်း မရှိတော့ပါဘူး ။ သူတို့ နှစ်ဦးကြား ဘာရန်ငြိုး အာဃာတ မှ မရှိပါဘူး ၊ သူကိုယ်တိုင်လည်း အသင်းက ရှေ့ဆက်သွားနေပြီး သူ့ရဲ့ အရည်အသွေးတွေက အသင်းရဲ့ စနစ် နဲ့ အံမဝင်ဘူးဆိုတာ သိပါတယ်။ ”

” တီယာနေး က ခုချိန်မှာ တံကောက်ကြော ဒဏ်ရာကနေ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝ လာဖို့ လုပ်ဆောင်နေပါတယ် ။ အဲ့ဒီ ဒဏ်ရာသာ မရခဲ့ရင် သူ ခုချိန် တခြား အသင်း တစ်သင်းမှာ ကစားနေမှာပါ ၊ သူ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ ရှိပါတယ် ၊ အငှားနဲ့ ဖြစ်နိုင်ချေ များပါတယ် ၊ ဒါမှလည်း သူ ပွဲချိန် မိနစ် အချို့ ကစားခွင့်ရပြီး နွေရာသီမှာ အပြီးသတ် ပြောင်းရမယ့် အသင်းကို ရှာဖွေ နိုင်မှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM