Sports Myanmar

ချဲလ်ဆီး စတားကို ရီးရဲလ်မက်ဒရစ်မှ ပေါင်သန်း ၁၅၀နဲ့ လာကမ်းလှမ်းရင် သူ အံ့သြမိမှာ မဟုတ်ကြောင်း ဖွင့်ဟလာတဲ့ ဂရေမီ ဆောင်းနက်စ်

 

ချဲလ်ဆီး အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ် ကြယ်ပွင့် ကိုးလ်ပါလ်မာဟာ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး + ဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ရပ်တည်ခဲ့ပြီး ၊ ဒုတိယ ဂိုးအများဆုံးသွင်းတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ် ။

ဒီရာသီမှာလည်း ပါလ်မာဟာ ပရီးမီးယားလိဂ် ၇ပွဲ ကစားထားပြီးချိန် ၊ ၆ဂိုးသွင်း ၊ ၅ဂိုး ဖန်တီးထားကာ ၊ သွင်းဂိုး + ဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ပါလ်မာဟာ ချဲလ်ဆီးနဲ့ အတူ နောက်ထပ် ၂နှစ် သက်တမ်းတိုး စာချုပ် ချုပ်နိုင်ခဲ့ပါတယ် ။

ချဲလ်ဆီးမှာ ၂၀၃၃ ခုနှစ် အထိ စာချုပ်ရှိနေတာကြောင့် ပါလ်မာဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ ထိမရတဲ့ ကစားသမား တဦး အဖြစ် တည်ရှိနေပြီး ၊ ၎င်းကို ခေါ်ယူနိုင်မယ့် ကလပ် အရေအတွက်က လက်ငါးချောင်းပင် ပြည့်ချင်မှ ပြည့်နိုင်မှာ ဖြစ်ပါတယ် ။

လီဗာပူး နည်းပြဟောင်း ဂရေမီ ဆောင်းနက်စ်ကတော့ ပါလ်မာကို ရီးရဲလ်မက်ဒရစ်က ပေါင်သန်း ၁၅၀နဲ့ ကမ်းလှမ်းမယ်ဆိုရင် သူ့အနေနဲ့ အံ့သြစရာ ရှိမှာ မဟုတ်ကြောင်း ဖွင့်ဟရင်း ၊ ပါလ်မာရဲ့ တမူထူးခြားတဲ့ အရည်အသွေးတွေကို Daily Mail နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ချီးကျူးသွားပါတယ် ။

ဆောင်းနက်စ် က ” ချဲလ်ဆီးဟာ ပါလ်မာကို ပေါင်သန်း ၄၀နဲ့ ခေါ်ခဲ့ပါတယ် ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်သာ လာမယ့် နွေရာသီမှာ ခေါ်ဖို့ တံခါးလာခေါက်ပြီဆိုရင် ပါလ်မာ ကိုယ်တိုင်ကလည်း လက်ရှိ ပြသနေတဲ့ ခြေစွမ်း အဆင့်အတိုင်း ဆက်လက် ပြသနေဦးမယ်ဆိုရင် ၊ သူ့အတွက် ပေါင်သန်း ၁၅၀နဲ့ ကမ်းလှမ်းမှု ရောက်လာရင် ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး ။ ”

” သူဟာ လူငယ် ကစားသမား တယောက် ဖြစ်ပါတယ် ။ ဒီတော့ ဒီလို ကမ်းလှမ်းမှုမျိုး ရောက်လာဖို့ ပြောတာက စောကောင်းစောနိုင်တယ်လို့ ကျွန်တော်တို့ ပြောရပါလိမ့်မယ် ။ ဒါပေမယ့် ပါလ်မာသာ တောက်လျှောက် ဒီပုံစံအတိုင်း ခြေစွမ်းပြနေရင် ၊ သူဟာ ထိပ်တန်း ကစားသမား တယောက် ဖြစ်လာပါလိမ့်မယ် ။ ”

” သူ့မှာ နူးညံ့ပျော့ပျောင်းတဲ့ စကေးတွေ ၊ အားကစားသမား ဆန်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ အံ့သြဖွယ်ကောင်းတဲ့ ဘောလုံးဉာဏ် ရှိပါတယ် ။ သူနဲ့ ပတ်သက်ပြီး မကြိုက်စရာ အချက် တချက်မှ မရှိပါဘူး ။ သူဟာ အသက် ၂၂နှစ်ပဲ ရှိပါသေးတယ် ။ ဒီအရွယ်မှာ ဘယ်သူမှ ဒီလောက်ထိ မကောင်းပါဘူး ။ ”

” သူ့ရဲ့ ပွဲအတွင်း စိတ်နေဟန်ထားကိုလည်း ကျွန်တော် သဘောကျပါတယ် ။ ခင်ဗျားဟာ ကစားသမားတွေ ဂိုးသွင်းတဲ့အခါ သူတို့ရဲ့ တုန့်ပြန်ပုံကို ကြည့်ပြီး ကစားသမား တယောက် အကြောင်း အများကြီး လေ့လာလို့ ရပါတယ် ။ ပါလ်မာဟာ ဂိုးသွင်းပြီးရင်တောင် သိပ်ပြီး အပိုလုပ်မနေတတ်ပါဘူး ။ ”

” သူ့ကို ကြည့်ရတာ တကယ် စိတ်အေးအေး ရှိတဲ့ပုံ ၊ အတော်ကောင်းတဲ့ ဘောလုံးပညာကို ပိုင်ဆိုင်ထားတဲ့ပုံ ပေါ်ပါတယ် ။ ဒါမျိုးကို မော်ဒန်ခေတ် ဘောလုံးလောကမှာ မန်ချက်စတာ စီးတီးလို အသင်းကနေ ခင်ဗျား မျှော်မှန်းလို့ ရပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar