
၂၀၂၃ ဇန်နဝါရီ ဈေးကွက်မှာ ရှက်တာဒိုးနက်စ် အသင်းကနေ ချဲလ်ဆီး အသင်းသို့ ယူရိုသန်း ၇၀ + အပိုဆုကြေး ယူရိုသန်း ၃၀ နဲ့ ပြောင်းရွှေ့လာတဲ့ ယူကရိန်း လက်ရွေးစင် တောင်ပံ ကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ဟာ ၂နှစ်နီးနီး ကြာလာတဲ့အချိန် တန်ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး အခုအချိန်အထိ မပြသနိုင်သေးပါဘူး ။
မူဒရစ်ဟာ ရှေ့၂ရာသီမှာ ပွဲထွက်ခွင့် လုံလုံလောက်လောက် ရခဲ့ပေမယ့် ၊ ပရိသတ်တွေ မျှော်မှန်းထားသလိုမျိုး တည်ငြိမ်မှု ရှိရှိနဲ့ စွမ်းဆောင်ရည်ကောင်းတွေ မပေးစွမ်းနိုင်ခဲ့တာကို တွေ့ရပါတယ် ။
ဒီရာသီမှာတော့ အသင်းပိုင်ရှင်တွေဟာ မူဒရစ် အပေါ် စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးနေပြီး ၊ ဝုလ်ဗ်ကနေ ပေါ်တူဂီ လက်ရွေးစင် တောင်ပံ ကစားသမား ပတ်ဒရို နက်တိုကို ယူရိုသန်း ၆၀ ၊ မန်ချက်စတာ ယူနိုက်တက်ကနေ အင်္ဂလန် ကြယ်ပွင့် တောင်ပံကစားသမား ဂျေဒွန် ဆန်ချိုကို တရာသီ အငှား + မဖြစ်မနေ ခေါ်ယူခွင့် ပေါင် ၂၅သန်းနဲ့ ထပ်မံ ခေါ်ယူအားဖြည့်ခဲ့ပါတယ် ။

လက်ရှိ နည်းပြ အန်ဇို မာရက်စ်ကာ လက်ထက်မှာ ဘယ်တောင်ပံ တိုက်စစ် ပွဲထွက်ခွင့်ကို ပုံစံကောင်း ရနေတဲ့ ဆန်ချိုက ရထားကာ ၊ နက်တိုက ဒုတိယ ဦးစားပေး အဖြစ် ဘယ်ညာ တောင်ပံ ၂ဖက်လုံး ကစားပေးနိုင်တာကြောင့် မူဒရစ်ဟာ နောက်ဆုံး ဦးစားပေး တောင်ပံ ကစားသမား နေရာသို့ ရောက်ရှိသွားပါတယ် ။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာရော ၊ ယခုနှစ် နွေရာသီမှာပါ မဖော်ပြလိုတဲ့ အငှား ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် မူဒရစ်ဟာ အငှားထွက်ခွင့် မရခဲ့ပါဘူး ။ ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်တဲ့ ဂျေဆင် ကန်ဒီကတော့ အားရစရာမကောင်းသေးတဲ့ မူဒရစ်ကို အငှားထုတ်ဖို့ တိုက်တွန်းသွားပါတယ် ။
Talksport နဲ့ တွေ့ဆုံရာမှာ ကန်ဒီ က ” မူဒရစ်လို အသင်းနဲ့ အံဝင်မှာ မဟုတ်တဲ့ ၊ အလုပ်ဖြစ်မှာ မဟုတ်တဲ့ ကစားသမားတွေက အမြဲ ရှိနေမှာပါ ။ သူ့အနေနဲ့ အငှားထွက်ကို ထွက်ရမယ်လို့ ကျွန်တော် ထင်ပါတယ် ။ လောလောဆယ်မှာ သူ့အတွက် နေရာ ရှိတယ်လို့ ကျွန်တော် မမြင်မိပါဘူး ။ ”
” သူဟာ ဆန်ချို အနောက် ရောက်နေတယ် ၊ နက်တို အနောက် ရောက်နေတယ် ၊ မက်ဒူးကီ အနောက် ရောက်နေတယ် ၊ ဖဲလစ် အနောက် ရောက်နေပါတယ် ။ သူဟာ ကျွန်တော့ အတွက်တော့ ပွဲထွက်ခွင့် အစဉ်မှာ ဟိုးအနောက်ကို ရောက်နေတာပါ ။ ”

” သူ့အနောက်မှာ ဘယ်ကစားသမားမှ မကျန်တော့ဘူးဆိုတာ ခင်ဗျားမှာ ဘောလုံးအိုင်ကျူ ရှိရင် သိပါလိမ့်မယ် ။ သူဟာ လျင်မြန်ပါတယ် ။ ဒါပေမယ့် အကြိမ်တော်တော်များများမှာ သူကစားတာ မြန်ဆန်လွန်းပေမယ့် ၊ သူ့ဦးနှောက်က မလိုက်နိုင်ဘူးလို့ ကျွန်တော် ခံစားမိပါတယ် ။ ”
” သူ့မှာ အရည်အသွေးတွေ ၊ အလားအလာတွေ အများကြီး ရှိပေမယ့် ၊ အခုထိတော့ သူ့ရဲ့ စွမ်းဆောင်ရည်က စိတ်ပျက်စရာကောင်းနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR