Myanmar Transparency News

အမြန်လမ်းတွင် ရဟန်းတစ်ပါး မောင်းနှင်လာသော ကားက လမ်းလယ်ကျွန်းကို ကျော်တက်တိမ်းမှောက်ရာမှ ရဟန်းတစ်ပါး ပျံလွန်ပြီး ရဟန်းတစ်ပါး အပါအဝင် သုံးဦး ဒဏ်ရာရ

၃၁.၁.၂၀၂၅
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်- မန္တ​လေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၁၀/၃ ဖာလုံတွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၁၀ နာရီခွဲက ရဟန်းတစ်ပါး မောင်းနှင်လာသော Toyota Wish မော်တော်ယာဥ်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ် ကျော်တက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ရဟန်းတစ်ပါး ပျံလွန်ပြီး ရဟန်းတစ်ပါး အပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

Toyota Wish မော်တော်ယာဥ်ကို သက်တော် ၅၀ အရွယ် ဦးဝိဇ္ဇာသိဒ္ဓိက မောင်းနှင်ပြီး ရဟန်းတစ်ပါးနှင့် အမျိုးသားနှစ်ဦး လိုက်ပါလာခဲ့ရာ မောင်းနှင်လာစဥ် လားရာတူ ရှေ့မှမောင်းနှင်နေသော ကုန်ကားတစ်စီးကို ကျော်တက်ချိန် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကျော်တက်ကာ မိုင်တိုင်အမှတ် ၃၁၀/၃ ကို ဝင်တိုက်၍ ကားရပ်တန့်သွားခဲ့ကြောင်း သိရသည်။

ယာဥ်တိုက်မှုကြောင့် ဆရာတော်ဦးဝိဇ္ဇာသိဒ္ဓိတွင် ဦးခေါင်းနောက်စေ့ အတွင်းကြေ၊ နှာခေါင်းသွေးထွက်ဒဏ်ရာတို့ရရှိကာ နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး သက်တော် ၆၆ နှစ်အရွယ် ဦးဝိစိတ္တတွင် ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊ ယာတံတောင်ဆစ်ပေါက်ပြဲ၊ ရင်ခေါင်းအောင့်ဒဏ်ရာတို့ရရှိပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

“ပျံလွန်တော်မူသွားတဲ့ ဆရာတော်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မစိုးရိမ်ကျောင်းတိုက်ကပါ၊ ဒဏ်ရာရသွားတဲ့ ဆရာတော်ကတော့ ပြည်ကြီးတံခွန်မြို့နယ် ဂန္တဝင်စိမ်းကျောင်းတိုက်ကလို့ သိရတယ်”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် အသက် ၄၃ နှစ်အရွယ် ကပ္ပိယဖြစ်သူ ဦးမိုးဇော်တွင် ဝဲမျက်ခုံးပေါက်ပြဲဒဏ်ရာ၊ ယာတံတောင်ပေါက်ပြဲဒဏ်ရာနှင့် အသက် ၂၅ နှစ်အရွယ် ဦးသန့်ဇင်ဦးတွင် ဦးခေါင်းငယ်ထိပ်ပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

ယာဥ်တိုက်မှုကြောင့် မော်တော်ယာဥ်မှာ ရှေ့လေကာမှန်ကွဲ၊ ကားခေါင်းနှင့် ဘေးဘယ်ညာကိုယ်ထည် ပိန်ချိုင့်ပျက်စီးခဲ့ပြီး ပျံလွန်တော်မူသည့် ဆရာတော်နှင့် ဒဏ်ရာရရှိသူများကို မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News