Myanmar Transparency News

YBS ၁၂၃ မီနီဘတ်စ်ယာဉ်က လမ်းဖြတ်ကူးသူအမျိုးသမီးကို တိုက်မိကာ အဆိုပါယာဉ်နဲ့ပဲ ဆေးရုံဆီ ပို့ဆောင်

၃.၂.၂၀၂၅
Written by Hey Mar

ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်အစောပိုင်းက သမိုင်းလမ်းဆုံ၊ သမိုင်းလုံခြုံရေးကင်းနဲ့ ဆေးရုံအနီးမှာ လမ်းဖြတ်ကူးသူအမျိုးသမီးငယ်ကို YBS ၁၂၃ တိုက်ကြီး၊ ရန်ကုန်ပြေးဆွဲနေတဲ့ မီနီဘတ်စ်ယာဉ်က တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ ရတနာဖြိုး လူမှုကူညီရေးအသင်းထံက‌ နေသိရပါတယ်။

ဖြစ်စဉ်အတွင်း အမျိုးသမီးငယ်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိထားတာကြောင့် အဆိုပါ YBS ယာဉ်ကပဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ စစ်ဆေးညွှန်ကြားမှုခံယူပြီး အင်းစိန်ဆေးရုံ အရေးပေါ်ဌာနဆီ လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ရတနာဖြိုးလူမှုကူညီရေးအသင်း တာဝန်ရှိသူက “အများစုက ဖြစ်ရင်ပြေးကြတာပဲ။ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ကပဲ နယ်ကနေ အလုပ်လာလုပ်တဲ့ ဆောက်ရေးလုပ်သား စီးတီးမတ်ရှေ့မှာပဲ ကားတိုက်ခံရတာ။ ကားက တိုက်ပြေးတယ်။ သူ့လုပ်ငန်းခွင်ကလူ‌တွေကလည်း တော်တော်နဲ့ ရောက်မလာတော့ ကျွန်တော်တို့ပဲ လူနာစောင့် လုပ်ရတယ်။ ဆေးရုံတွေက လူနာရှင်မပါရင် လက်မခံလို့။ အခု ကားသမားက‌တော့ အနီးအနား လုံခြုံရေးတပ်ဖွဲ့တွေလည်းရှိတယ်။ ဖြေရှင်းပြီး ဆေးရုံပို့ပေးခဲ့ပါတယ်”လို့ ဖြစ်စဉ်အခြေအနေကို ပြောပြပါတယ်။

မူရင်းသတင်း — Myanmar Transparency News