Myanmar Transparency News

မင်္ဂလာဒုံမှာ လင်မယားရန်ဖြစ်ရာက တဲကိုမီးရှို့ကြလို့ ဇနီးသေဆုံးကာ ခင်ပွန်း မီးလောင်ဒဏ်ရာပြင်းထန်မှု ယနေ့ဖြစ်ပွား

၆.၂.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဧကရာဇ်ရပ်ကွက်၊ ရန်ကုန်-ပဲခူး လမ်းမကြီးဘေးရှိ လယ်တဲတစ်လုံးတွင် ယနေ့(ဖေဖော်ဝါရီလ ၆ ရက်) နံနက်အစောပိုင်းက လင်မယား စကားများရန်​ဖြစ်ပြီး တဲကိုမီးရှို့ရာမှ ဇနီးဖြစ်သူသေဆုံးကာ ခင်ပွန်းမီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“လင်မယားချင်းစကားများပြီး သူတို့နေတဲ့ တဲကို မိန်းမက မီးရှို့တာ။ မီးရှို့တဲ့မိန်းမကတော့ နေရာမှာတင် ဆုံးသွားတယ်။ ယောင်္ကျားကတော့ တကိုယ်လုံးမီးလောင်ဒဏ်ရာတွေကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

မီးလောင်မှုမှာ ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး အသက် ၄၇ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်ခိုင်သဇင်မှာ မီးလောင်သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ် ဦးအောင်အောင်မှာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အလျား ၁၅ ပေ၊ အနံ ၁၀ ပေရှိသော တဲတစ်လုံးနှင့်တဲအတွင်းရှိ အဝတ်အစားများ၊ အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သဖြင့် သေဆုံးသူ ဒေါ်ခိုင်သဇင်ကို ရာဇသတ်ကြီးပုဒ်မ ၄၃၆၊ ၃၂၆၊ ၃၀၄-ကတို့ဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းက အမှုဖွင့်ထားသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁ စီးနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News