Myanmar Transparency News

သုံးရက်ကြာ ပျောက်ဆုံးနေသော ကလေးငယ်၏ရုပ်အလောင်းကို အိမ်အနီးရှိ ရေကန်တွင် ပြန်တွေ့မှု သန်လျင်တွင် ဖြစ်ပွား

၁၅.၂.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ ပျဉ်ထောင်ကျောင်းကျေးရွာတွင် သုံးရက်ကြာပျောက်ဆုံးခဲ့သော ကလေးငယ်၏ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက နေအိမ်အနီးရှိ ရေကန်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ပျောက်ဆုံးခဲ့သော ကလေးမှာ အသက် ၃ နှစ်အရွယ် မိန်းကလေးဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစတင်ကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ပျောက်ဆုံးသူကလေး၏မိသားစုဝင်တစ်ဦးထံမှ သိရသည်။

“တူမလေးကို အသက်မဲ့စွာနှင့် ပြန်လည်တွေ့ရှိပါပြီ “ဟု ၎င်း၏ အဒေါ်ဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကလေးငယ်မှာ မိခင်နောက်လိုက်သွားသည်ကို တစ်ဦးတည်း လွှတ်လိုက်ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သေဆုံးသူကလေး၏ ရုပ်အလောင်းကို ကန်မှဆယ်ယူ၍ လောကအလင်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှ အသင်းဝင်များက သန်လျင်ပြည်သူဆေးရုံရှိ ရင်ခွဲရုံသို့ ပို့အပ်ကာ ကူညီပေးခဲ့သည်။ ကလေးရေနစ်သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ကို ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News