Myanmar Transparency News

မန္တလေးက ကမ္ဘောဇဘဏ်ကို လူတစ်ဦးက သေနတ်ပြ ဓားပြဝင်တိုက်မှု ဒုတိယအကြိမ် ထပ်မံဖြစ်ပွားပြီး ကျပ်သိန်း ၁၁၀၀ ကျော် ပါသွား

၂၁. ၂. ၂၀၂၅
Written by Nay Moe

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီးက မဟာနွယ်စဥ်ရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ (၃၇) ကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်က ဓားပြတိုက်ခံခဲ့ရပြီး အနည်းဆုံး ငွေကျပ်သိန်း ၁၁၀၀ ကျော် ဓားပြတိုက်ခံခဲ့ရတယ်လို့ ကနဦး သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ အဲဒီ ဘဏ်ခွဲ ၃၇ ကိုပဲ အမရပူရ PDF အဖွဲ့ဝင် အမျိုးသားတစ်ဦးက လက်လုပ်သေနတ်နဲ့ ဓားပြတိုက်ဖို့ကြိုးပမ်းရာမှာ ဘဏ်လုံခြုံရေးအဖွဲ့၊ မန်နေဂျာနဲ့ ပြည်သူတွေ ဝိုင်းဖမ်းတာကြောင့် ဘဏ်မန်နေဂျာ သေနတ်ကျည် လက်မောင်းဖောက်ဝင်ဒဏ်ရာရခဲ့ပေမဲ့ တရားခံကို ဖမ်းမိတဲ့ဖြစ်စဥ်ဖြစ်ခဲ့သေးတာပါ။

ဒီနေ့ ထပ်မံ ဓားပြတိုက်ခံရတဲ့ဖြစ်စဥ်မှာ ကမ္ဘောဇဘဏ် (၃၇)ကို နံပါတ်မပါတဲ့ စူပါကပ်ဆိုင်ကယ်နဲ့ မျက်နှာမှာ Mask တပ်ထားပြီး အင်္ကျီက ဂျင်းအပြာရင့်လက်ရှည်နဲ့ ဂျင်းဘောင်းဘီအပြာဖျော့ ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ဦးရောက်ရှိလာပြီး ဘဏ်အတွင်းဝင်ရောက်ကာ သေနတ်ပြချိန်းခြောက်ပြီး ဘဏ်ငွေလက်ခံဌာနက ကျပ်သိန်း ၁၁၅၀ ခန့်ကို လုံခြုံရေးကို ပီနံအိတ်နဲ့ ထုပ်ခိုင်းပြီး ဆိုင်ကယ်ခွကြားညပ်လို့ အသာအယာလုယက်သွားတာ တွေ့ရပါတယ်။

ဒီနေ့ဖြစ်ပွားတဲ့ ဘဏ်ဓားပြတိုက်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး တရားခံ ဖမ်းမိသေးဘဲ လုံခြုံရေးတပ်ဖွဲ့က ဖြစ်စဥ်၊ လုယက်ခံရတဲ့ ငွေကြေးပမာဏကို စိစစ်နေပြီး တရားခံပိတ်ဆို့ဖမ်းမိရေး ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ကနဦး သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News